News

POST TYPE

NEWS

အောက်စ်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး သက်ကြီးပိုင်းတွင် ပိုမိုထိရောက်
19-Nov-2020


လန်ဒန်၊ နိုဝင်ဘာ ၁၉

အောက်စ်ဖို့တက္ကသိုလ်မှ ထုတ်လုပ်ခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကြောင့် အသက် ၆၀ နှင့် ၇၀ အတွင်း သက်ကြီးပိုင်းတွင် ပိုမိုအားကောင်းသော ခုခံစွမ်းအားတုံ့ပြန်မှုမျိုး တွေ့ခဲ့ရပြီး ပိုးကူးစက်ခံရလျှင် အန္တရာယ်ပိုများသော အသက်အရွယ်အပိုင်းအခြားများကို ကာကွယ်ပေး နိုင်မည်ဟူသော မျှော်လင့်ချက်များ ပိုမိုမြင့်တက်စေခဲ့သည်ဟု BBC သတင်းဌာနတွင်ဖော်ပြသည်။

အဆိုပါ အောက်စ်ဖို့ဒ်ကာကွယ်ဆေးစမ်းသပ်စစ်ဆေးမှု ဒုတိယအဆင့်တွင် ကျန်းမာသောလူကြီးပိုင်း ၅၆၀ ဦးနှင့် စမ်းသပ်ခဲ့ပြီး ရလဒ်များက အားတက်စရာ ဖြစ်သည်ဟု သုတေသနပညာရှင်များက ပြောခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသော လူနာများတွင်လည်း ထပ်မံမပျံ့ပွားအောင် ရပ်တန့်နိုင်စွမ်း ရှိမရှိကို စမ်းသပ်စစ်ဆေးမှု တတိယအဆင့်တွင် စစ်ဆေးသွားမည်ဟု သိရသည်။

အလွန်အရေးကြီးသော စမ်းသပ်စစ်ဆေးမှု တတိယအဆင့်၏ ကနဦးရလဒ်များကို လာမည့်ရက်သတ္တပတ်များအတွင်း သိရမည်ဖြစ်သည်။

Pfizer ၊ BioNTech ၊ Sputnik နှင့် Moderna တို့က ထုတ်လုပ်ထားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသုံးခုသည် စမ်းသပ်စစ်ဆေးမှု တတိယအဆင့်တွင် အလွန်ကောင်းမွန်သောရလဒ်များ ထွက်ပေါ်ခဲ့ပြီး Moderna ကုမ္ပဏီထုတ် ကာကွယ်ဆေးသည် အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ Covid-19 ကူးစက်ခံရမှုမှ ၉၄ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်သည်ဟု သိရသည်။

AstraZeneca ကုမ္ပဏီမှ ထုတ်လုပ်ပေးသော အောက်စ်ဖို့ကာကွယ်ဆေး သန်း ၁၀ဝ၊ Pfizer-BioNTech မှ ထုတ်လုပ်သော ကာကွယ်ဆေး သန်း ၄၀ နှင့် Moderna ကာကွယ်ဆေး ၅ သန်းခန့်ကို ဗြိတိန်အစိုးရက မှာယူထားပြီးဖြစ်သည်။

အောက်စ်ဖို့ဒ် ကာကွယ်ဆေးစမ်းသပ် စစ်ဆေးမှုများမှ ထွက်ပေါ်လာသည့်ရလဒ်အပေါ် “ကျေနပ်နှစ်သိမ့်” မိပြီး “အသက် ၇၀ နှင့် အထက်ရှိသူများတွင်ပင် အလွန်အားကောင်းသည့် ခုခံစွမ်းရည်များ” တွေ့ခဲ့ရသည်ဟု အောက်စ်ဖို့ဒ်ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ဦးဆောင်သူ ပရော်ဖက် ဆာအန်ဒရူးပေါလက်ဒ်က BBC သတင်းဌာနကိုပြောကြားခဲ့သည်။

“ကိုဗစ်ကူးစက်ခံထားပြီးသားလူတွေကိုရော ကာကွယ်ပေးနိုင်သလားဆိုတဲ့ အဆင့်ကို ကျွန်တော်တို့ မရောက်သေးပါဘူး၊ ဒါပေမဲ့ ရလဒ်တွေကိုတော့ ခရစ်စမတ် မတိုင်ခင်ထုတ်ပြန်သွားနိုင်မှာပါ”ဟု ပရော်ဖက်ဆာ ပေါလက်ဒ်က ပြောခဲ့သည်။

“တခြား ကိုရိုနာကာကွယ်ဆေးတွေနဲ့ လိုက်ပြိုင်နေတာတော့ မဟုတ်ပါဘူး၊ တစ်ခြားကာကွယ်ဆေးတွေလည်း အောင်မြင်ဖို့အရေးကြီးပါတယ်”ဟု ပရော်ဖက်ဆာ က ဖြည့်စွက်ပြောကြားခဲ့သည်။ 

F-01