News

POST TYPE

NEWS

အာဖဂန်တွင် ဩစတြေးလျ အထူးတပ်ဖွဲ့က အရပ်သားနှင့် အကျဉ်းသား ၃၉ ဦးထက်မနည်း ဥပဒေမဲ့သတ်ဖြတ်ခဲ့ကြောင်း စစ်ဦးစီးချုပ်ဝန်ခံ
19-Nov-2020


ကန်ဘာရာ၊ နိုဝင်ဘာ ၁၉ 

အာဖဂန်နစ္စတန်တွင် ဩစတြေးလျအထူးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် အကျဉ်းသား ၃၉ ဦးထက်မနည်း တရားမဝင်သတ်ဖြတ်ခဲ့သည့် သက်သေအခိုင် အလုံရှိကြောင်းကို ဩစတြေးလျ စစ်ဦးစီးချုပ်က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဝန်ခံခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြသည်။

ယင်းဩစတြေးလျတပ်သားများ ကျူးလွန်ခဲ့သည်ဆိုသော စစ်ရာဇဝတ်မှုများကို ဥပဒေအရာရှိတစ်ဦးက စုံစမ်းစစ်ဆေးသင့်ကြောင်းလည်း စစ်ဦးစီးချုပ်က အကြံပြုခဲ့သည်။

“တချို့တပ်ဖွဲ့ဝင်တွေ ဥပဒေကို သူတို့ကိုယ်တိုင်စီရင်လိုက်ကြတယ်၊ စည်းမျဉ်းတွေ ချိုးဖျက်ကုန်ကြတယ်၊ လုပ်ဇာတ်တွေခင်းတယ်၊ လိမ်ပြောကြတယ်၊ အကျဉ်းသားတွေကိုသတ်ဖြတ်ကြတယ်”ဟု ဩစတြေးလျစစ်ဦးစီးချုပ် အန်းဂတ်စ်ကမ့်ပ်ဘဲက ပြောသည်။

ဩစတြေးလျစစ်တပ်၏ အာဖဂန်တွင် ပြုမူခဲ့သောလုပ်ရပ်များကို နှစ်ရှည်လများ စစ်ဆေးထားသည့် ရလဒ်စစ်ဆေးချက်များထုတ်ပြန်ခဲ့ပြီးနောက် စစ်ဦးစီးချုပ် ကမ့်ပ်ဘဲက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ့်ပ်ဘဲသည် အာဖဂန်နစ္စတန်ပြည်သူများကို ရိုးသားပွင့်လင်းစွာ တောင်းပန်ခဲ့ပြီး အာဖဂန်တွင် ဖြစ်ပျက်ခဲ့သော စစ်ရာဇဝတ်မှု ၂၃ ခုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဩစတြေးလျတပ်သား ၂၅ ဦးသည် ၎င်းတို့တပ်ရင်းသာမက ဩစတြေးလျနိုင်ငံစစ်တပ်တွင်လည်း အမဲစက်စွန်းပေခဲ့သောတပ်သားများဖြစ်ခဲ့ပြီဟု ကမ့်ပ်ဘဲကဆိုသည်။

“အခုထုတ်ပြန်ခဲ့တဲ့ ရှက်ဖို့ကောင်းတဲ့ စစ်ရာဇဝတ်မှုစွပ်စွဲချက် အဖြစ်အပျက်အများစုက တပ်သားသစ်တွေ ပထမဆုံးသတ်ဖြတ်မှုကိုရဖို့အတွက် 
'ပွဲဦးထွက် အတွေ့အကြုံ' ဆိုပြီးတော့ အပြစ်မဲ့တဲ့အကျဉ်းသားတွေကို ပစ်သတ်ဖို့ အတင်းအကျပ်ခိုင်းစေတာမျိုးတွေပါဝင်ပါတယ်” ဟု ကမ့်ပ်ဘဲက ပြောခဲ့သည်။

F-05