News

POST TYPE

NEWS

OIC နှင့် EU က ပူးတွဲတင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ ကန့်ကွက်
19-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၁၉

၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုကော်မတီ) အစည်းအဝေး၌ OIC နှင့် EU တို့က ပူးတွဲတင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းကို မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၈ ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုကော်မတီ) အစည်းအဝေး၌ အိုအိုင်စီနှင့် အီးယူတို့မှ ပူးတွဲတင်သွင်းသည့် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် အဆိုမူကြမ်းအမှတ်၊ A/C.3/75/L.34 ကို အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဆိုမူကြမ်းအား မဲခွဲဆုံးဖြတ်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့က တောင်းဆိုခဲ့ပြီး နိုင်ငံရေးအရဖိအားပေးသည့်ယင်းအဆိုမူကြမ်းအပေါ် ကန့်ကွက်မဲပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အဆိုမူကြမ်း အရေးယူ ဆောင်ရွက်ခြင်းမပြုမီ အထွေထွေမိန့်ခွန်းနှင့် မဲခွဲဆုံးဖြတ်ပြီးနောက် မဲရလဒ်အပေါ်တုံ့ပြန်သည့်မိန့်ခွန်းများ ပြောကြားခဲ့ပြီး ယင်းအဆိုမူကြမ်းသည် တစ်ဖက်သတ်ဆန်မှုနှင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကြိုးပမ်းမှုများ၊ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ကြိုးပမ်းဖြေရှင်းဆောင်ရွက်နေမှုများကို အပြည့်အဝထင်ဟပ်ထားခြင်းမရှိသည့်အချက်များ၊ သက်သေအထောက်အထား အပြည့်အစုံရှိသည့် ARSA ၏ ရက်စက်သည့် ကျူးလွန်မှုများ၊ AA နှင့် ARSA တို့၏ အဖျက်လုပ်ရပ်များကို ဖော်ပြခြင်းမပြုဘဲ လုံးဝလစ်လျူရှုထားသည့် အချက်များကို ထောက်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က မြန်မာပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့မှာ အချင်းချင်းချိတ်ဆက်နေသည့် သဘာဝကို ကောင်းစွာသိရှိနားလည်ကြောင်း၊ မြန်မာပြည်သူများမှာ ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သားပြီး ခံနိုင်ရည်ရှိသူများဖြစ်ကြောင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်မှုအောက်တွင် စည်းလုံးစွာဖြင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ထွန်းကားသည့် လူ့ဘောင်သစ်သို့ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မဲရလဒ်အပေါ် တုံ့ပြန်ပြောကြားရာ၌ အုပ်စုလိုက် မဲပေးသည့် အလေ့အထကို တန်ပြန်လျက် မှန်ကန်သည့် ရပ်တည်ချက်ကို ရဲဝံ့စွာဖော်ထုတ်ပြသခဲ့သည့် နိုင်ငံများအား ကျေးဇူးတင်ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား အခြေအနေများကို ခွဲခြား သတ်မှတ်သည့် ယခုကဲ့သို့သော အဆိုမူကြမ်းမျိုးကို အတည်ပြုခြင်းမှာ လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုင်တွယ်ဖြေရှင်းရာ၌ နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီမျှရှိရမည်ဆိုသည့် အချက်ကို စောင့်ထိန်းလိုက်နာမှု မရှိခြင်း၊ မမျှတမှုနှင့် သမာသမတ် မကျမှု၊ ပစ်မှတ်ထား ရွေးချယ်ဆောင်ရွက်မှုတို့ကို ဖော်ပြနေခြင်းပင် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
သို့ဖြစ်၍ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ဖိအားပေး ပစ်မှတ်ထားသည့် အဆိုမူကြမ်းကို မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းဖြင့် အမြဲတမ်းကိုယ်စားလှယ်က တုံ့ပြန်ခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ - နိုင်ငံခြားရေးဝန်ကြီးဌာန

S-04