News

POST TYPE

NEWS

ဂရိနှင့်တူရကီတွင် ငလျင်ဒဏ်ကြောင့် အသေအပျောက်များ
31-Oct-2020


အေသင်၊ အောက်တိုဘာ ၃၁ 

တူရကီနိုင်ငံ အေဂျင်ကမ်းရိုးတမ်းတစ်လျှောက်နှင့် ဂရိကမ်းခြေ ဆာမို့စ်တောင်ပိုင်းသို့ အားပြင်းသော ငလျင်ဝင်ရောက်ခဲ့သဖြင့် သေဆုံးသူဦးရေ 
၂၂ဦး ထက်မနည်းရှိခဲ့ပြီး အိမ်များစွာပျက်စီးခဲ့သည် BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ပြင်းအား ၇ ရှိသော ငလျင်သည် တူရကီနိုင်ငံ အဇ်မာစီရင်စုတွင် ဗဟိုချက်အဖြစ်စတင်ခဲ့သည်ဟု အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ (USGS) မှ ထုတ်ပြန်ခဲ့သည်။

တူရကီနိုင်ငံထုတ်ပြန်ချက်တွင်မူ ပြင်းအား ၆ ဒသမ ၆ သာရှိသည်ဟု ထုတ်ပြန်ခဲ့ပြီး အဇ်မာစီရင်စုတွင် သေဆုံးသူ ၂၀ ဦး နှင့် ၇၈၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည် ဟုထုတ်ပြန်သည်။ ဆာမို့စ်ကမ်းခြေတွင် လူငယ်နှစ်ဦး သေဆုံးခဲ့သည်။

ငလျင်ကြောင့် ဆူနာမီအသေးစားဖြစ်ခဲ့ပြီး ဆာမို့စ်ကမ်းခြေနှင့် အဇ်မာစီရင်စုတို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ခဲ့သည်။

အဇ်မာစီရင်စု အာဏာပိုင်များက အခြားအဆောက်အအုံများ ထပ်မံထိခိုက် မည်စိုးရိမ်သဖြင့် လူဦးရေ ၂၀ဝ၀ ခန့် ခိုလှုံနိုင်သည့် ယာယီတဲများထိုးကာ ပြည်သူများကို ညတွင်းချင်း ပြောင်းရွှေ့ခဲ့သည်။

အဆောက်အအုံအပြိုများအောက် ပိနေသူ ၇၀ ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု အာဏာပိုင်များ ထုတ်ပြန်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက အခြားကျန်ရစ်သူများရှာဖွေရန် ကွန်ကရစ်များကို ဆက်လက်တူးဖော်လျက်ရှိသည်ဟု သိရသည်။



အေသင်မြို့နှင့် အစ္စတန်ဘူလ်မြို့  နှစ်မြို့လုံးနီးပါး သက်ရောက်ခဲ့သည့် ငလျင်၏အနက်သည် ၁၀ ကီလိုမီတာ (၆ မိုင်) အနက်ရှိခဲ့သည်ဟု  USGS အဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး တူရကီအာဏာပိုင်များက ၁၆ ကီလိုမီတာရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

တူရကီနှင့်ဂရိ နှစ်နိုင်ငံလုံး ငလျင်ကြောပေါ်တွင် တည်ရှိနေပြီး မကြာခဏ ငလျင်ဒဏ်ခံရသည်။ 

တူရကီနိုင်ငံ၏ တတိယအကြီးဆုံးမြို့တော်ဖြစ်သည့် အဇ်မေးရ်မြို့တော်တွင် လူဦးရေ သုံးသန်းနီးပါး နေထိုင်သည်။

ငလျင်လှုပ်ခတ်ပြီးသည့်အချိန်တွင် ပြည်သူများကြောက်ရွံ့ပြီး လမ်းမပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်မြင်ကွင်းကို လူမှုကွန်ရက်ပေါ်တွင် တွေ့ရသည်။ 

အဇ်မေးရ်မြို့တွင် အဆောက်အအုံ့ ၂၀ ထက်မနည်း ပြိုကျပျက်စီးခဲ့သည်ဟု သိရသည်။         

F-05