News

POST TYPE

NEWS

အမေရိကန်တွင် Covid-19 လူနာ ကိုးသန်းကျော်ဖြစ်လာ
31-Oct-2020

ဝါရှင်တန်ဒီစီ၊ အောက်တိုဘာ ၃၁ 

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ကိုးသန်းကျော်ရှိလာပြီဖြစ်သည်ဟု John Hopkins တက္ကသိုလ်က ထုတ်ပြန်ခဲ့ကြောင်းကို CNA သတင်းဌာနတွင် ဖော်ပြသည်။

ပိုးတွေ့လူနာ ၈ သန်းမှ ၉ သန်း ရောက်ရန် နှစ်ပတ်သာကြာခဲ့ပြီး အမြန်ဆုံးကူးစက်သည့် တစ်သန်းဟုဆိုနိုင်သည်။ ပိုးတွေ့လူနာ ၇ သန်းမှ ၈ သန်းသို့ ရောက်ရန် သုံးပတ်ကျော်ကြာခဲ့သည်။

သေဆုံးမှုနှုန်းမှာလည်း နှစ်ပတ်အတွင်း ၁၄ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ပြီး တစ်ရက်လျှင် လူဦးရေ ရှစ်ရာထက်မနည်း ရှိသည်ဟု သိရသည်။

နှစ်ရက်ဆက်တိုက် စံချိန်တင်ကူးစက်မှုလည်းဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ၂၄ နာရီအတွင်း ကူးစက်သူဦးရေ ၉၄,ဝဝဝ အထိရှိခဲ့သည်ဟု Johns Hopkins တက္ကသိုလ်မှထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလလယ်မှစ၍ Covid-19 ပြန်လည်ကူးစက်ဖြစ်ပွားလျက်ရှိသော အမေရိကန်နိုင်ငံတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ည ရှစ်နာရီသုံးဆယ် အချိန်အထိ စစ်တမ်းအရ ၂၄ နာရီအတွင်း ကူးစက်သူဦးရေ ၉၄,၁၂၅ ဦးတွေ့ရှိခဲ့သည်ဟု အချိန်နှင့်တစ်ပြေးညီ စစ်တမ်း ကောက်သော ဘယ်လ်တီမောမြို့ရှိ ကျောင်းမှထုတ်ပြန်ခဲ့သည်။ 

ယင်းတွေ့ရှိမှု စံချိန်သည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် စံချိန်တင်တွေ့ရှိခဲ့သော ကူးစက်သူ ၉၁,ဝဝဝ စံချိန်ကို ချိုးဖျက်ခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၉ ဒသမ ဝ၃ သန်းဖြစ်ပြီး သေဆုံးသူဦးရေမှာ ၂၂၉,၅၉၄ ဦးဖြစ်သည်ဟု Johns Hopkins တက္ကသိုလ်မှ ထုတ်ပြန်သည်။

ဖလော်ရီဒါပြည်နယ်တွင်မူ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၅၅၀ဝ ကျော် ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အီလီနွိုက်၊ အင်ဒီယားနား၊ မိန်း၊ မီရှီဂန်၊ မီနီဆိုတာ၊ နယူးမက္ကဆီကို၊ မြောက်ကယ်ရိုလိုင်းနား၊ မြောက်ဒါကိုတာ နှင့် အိုဟိုင်းယိုး အစရှိသော ပြည်နယ်များလည်း တစ်ရက်အတွင်း စံချိန်တင်တွေ့ရှိသော ပိုးတွေ့လူနာစာရင်းများကို ထုတ်ပြန်ခဲ့ကြသည်ဟု Johns Hopkins တက္ကသိုလ်အရ သိရသည်။

“တစ်စက္ကန့်မှာ လူတစ်ဦးနှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်” ဟု ဘယ်လ်တီမောပြည်နယ် ကျန်းမာရေးကော်မရှင်အဖွဲ့ဝင်ဟောင်း ဒေါက်တာလီနာဝမ်က ဆိုသည်။ 

”နှစ်မိနစ်မှာ အမေရိကန်ပြည်သူတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးရှုံးနေရပြီးတော့ သေဆုံးသူဦးရေကလည်း ရပ်နေမှာမဟုတ်ဘူး၊ တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးလာနေတယ်” ဟု ဒေါက်တာလီနာဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။                

F-05