News

POST TYPE

NEWS

ဧရာဝတီလင်းပိုင်ငယ်တစ်ကောင် ထပ်မံသေဆုံး
31-Oct-2020


မန္တလေး၊ အောက်တိုဘာ ၃၁

မတ္တရာမြို့နယ် သူဌေးကုန်းကျေးရွာအနီးတွင် အောက်တိုဘာ ၂၉ ရက်နေ့က ဧရာဝတီလင်းပိုင်ငယ်တစ်ကောင် ထပ်မံသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ်ငါးလုပ် ငန်းဦးစီးဌာနထံမှ သိရသည်။ 

ဧရာဝတီလင်းပိုင်များသည် ဧရာဝတီမြစ်အတွင်း ငါးများရှိနိုင်သည့်ချောင်းရိုးများတွင် အစာရှာဖွေသည့် အလေ့အထရှိခြင်းကြောင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုများနှင့်ရင်ဆိုင်ရပြီး ဧရာဝတီလင်းပိုင်ငယ်များ သေဆုံးရခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်ခိုင်က ပြောကြားသည်။ 

ယခုသေဆုံးသည့် ဧရာဝတီလင်းပိုင်ငယ်မှာ အမတစ်ကောင်ဖြစ်ကာ ခန္ဓာကိုယ်အလျား လေးပေငါးလက်မ၊ ခန္ဓာကိုယ်လုံးပတ်နှစ်ပေဆယ်လက်မ၊ အမြီး ရွက်နှစ်ခုအစွန်းအကြား တစ်ပေနှစ်လက်မ၊ ရှေ့ရေယက် အလျား ၉ ဒသမ၅ လက်မ၊ ခန့်မှန်းအသက် တစ်နှစ်ကျော်ခန့်ရှိပြီး သွားမပေါက်သေးကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှတ်တမ်းအရ သိရသည်။ 

ယင်းဧရာဝတီလင်းပိုင်သေကို ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာနှင့် ရွာသစ်ကျေးရွာအကြားရှိ တောင်ခြေရင်းတွင် အမှတ်အသားပြုလုပ်၍ မြှုပ်နှံထားသည်ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS က အသိပေးထားသည်။ 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေးမှ ကချင်ပြည်နယ် ဗန်းမော်အထိ ကောက်ယူခဲ့သောစာရင်းများအရ မန္တလေးမှကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ-၁) တွင် ၂၈ ကောင်၊ ထီးချိုင့်-ကသာ-ရွှေကူ (ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာ-၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြားတွင် ၃၇ ကောင်၊ ဗန်းမော်မြို့နယ်တွင် ၁၄ ကောင် စုစုပေါင်း ၇၉ ကောင် တွေ့ရကြောင်း WCS သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ) ထံမှသိရသည်။ 

၂၀၂၀ ပြည့်နှစ်အတွင်း ဇန်နဝါရီမှ လက်ရှိအချိန်အထိ ဧရာဝတီလင်းပိုင် ခြောက်ကောင်သေဆုံးခဲ့ပြီဖြစ်သည်။   

S-02