News

POST TYPE

NEWS

ကိုဗစ်ကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုကဏ္ဍ ထိခိုက်မှုရှိနိုင်ဟုဆို
31-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၃၁

COVID-19 ကြောင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုကဏ္ဍကို ထိခိုက်မှုရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုလိုငွေ ၅ ဒသမ ၅ ဘီလီယံခန့်ရှိရာမှ ပို့ကုန်တိုးတက်စေရန် ဆောင်ရွက်နိုင်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ၁ ဒသမ ၄ ဘီလီယံခန့်အထိ လျော့ကျခဲ့ပြီး ကိုဗစ်ကာလတွင်လည်း ကုန်သွယ်မှုကဏ္ဍတွင် ထိခိုက်မှုနည်းပါးသည်ဟု ယူဆနိုင်သော်လည်း ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ထိခိုက်မှုရှိလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့် ကိုဗစ်အလွန်ကာလတွင် ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် Virtual စနစ်ဖြင့်ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စီးပွား/ကူးသန်းဝန်ကြီး ဌာနအနေဖြင့် စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပို့ကုန်၊ သွင်းကုန်လိုင်စင်ထုတ်ပေးခြင်းကို အချိန်နှင့် ငွေကြေးကုန်ကျမှု သက်သာစေရေးအတွက် Fully Online စနစ်ဖော်ဆောင်ပေးခြင်း၊ လိုင်စင်ကြေးများ ဖြေလျှော့သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကာ  Myanmar Tradenet 2.0 ကိုလည်း စတင်အသုံးပြု ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ကုန်သွယ်မှုမြှင့်တင်နိုင်ရေးနှင့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးသံမှူး ၁၅ ဦးကို ပြည်ပနိုင်ငံ ၁၂ နိုင်ငံသို့ စေလွှတ်တာဝန်ပေးထားပြီး ကုန်သွယ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်စည်ပြပွဲများကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပို့ကုန်ပိုမိုတိုးမြှင့်နိုင်ရေးအတွက်လည်း နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အညီ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့  ဈေးကွက်တစ်ခုတည်းကိုမမှီခိုပဲ ကျယ်ပြန့်သည့်ဈေးကွက်ရရှိစေရန်နှင့် ဈေးနှုန်းနှင့်အရည်အသွေးယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့ နိုင်ရေးတို့အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

S-07