News

POST TYPE

NEWS

လော့ခ်ဒေါင်းချခြင်းကို ထရမ့်ဆန့်ကျင်
29-Oct-2020


ဝါရှင်တန်၊ အောက်တိုဘာ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြည်နယ်အစိုးရအာဏာပိုင်များအနေဖြင့် ကိုဗစ်ကူးစက်ပျံ့နှံ့မှုကာကွယ်ရန် လော့ခ်ဒေါင်းချခြင်းမျိုး မလုပ်ရန် တိုက် တွန်းလိုက်ကြောင်း BBC သတင်းဌာန ကဖော်ပြသည်။ 

လာမည့် နိုဝင်ဘာလ ၃ ရက်နေ့ သမ္မတရွေးကောက်ပွဲတွင် အကြိတ်အနယ်ရှိနိုင်သည့် ပြည်နယ်များ၌ မဲဆွယ်နေသည့် ထရမ့်က မဖြစ်မနေ မျက်နှာဖုံး (Mask) တပ်ရန်ညွှန်ကြားချက်ကိုလည်း ပျက်ရယ်ပြုခဲ့သည်။

ပိုမိုဆိုးရွားလာသော ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကို ထရမ့်၏ကိုင်တွယ်ပုံမှာ ကူးစက်ခံရသူများ၊ ခံစားရသူများကို စော်ကားသလို ဖြစ်နေကြောင်း ပြိုင်ဘက် ဒီမိုကရက်တစ်သမ္မတပါတီကိုယ်စားပြု သမ္မတလောင်း ဂျိုးဘိုင်ဒင်က ဝေဖန်ခဲ့သည်။

ကိုဗစ်ကြောင့် အမေရိကန်တွင် ကြိုတင်မဲပေးသူ အထူးများပြားကာ နိုင်ငံသား ၇၅ သန်းကျော်ကြိုတင်မဲပေးပြီး ဖြစ်သည်။ 

ပြည်နယ် ၃၉ ပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့စဉ် လူ ၈၀ဝ ခန့် သေဆုံးလျက်ရှိသည်။

အိမ်ဖြူတော်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ကျွမ်းကျင်ပညာရှင် ဒေါက်တာအန်ထိုနီဖောင်ချီကိုယ်တိုင်က ထရမ့်၏ မဲဆွယ်စုဝေးပွဲများသည် ကိုဗစ်ပျံ့နှံ့စေရန် ဖန်တီးသလိုဖြစ်နေကြောင်း ဝေဖန်ထားသည်။

မျက်နှာဖုံးမတပ်ဘဲ၊ ခပ်ခွာခွာမနေဘဲ လူစုဝေးခြင်းကြောင့် ပိုးအကြီးအကျယ်ပျံ့နှံ့နိုင်သည်ဟု ဖောင်ချီက BBC သို့ပြောကြားခဲ့သည်။

ပြိုင်ဘက်နှစ်ဦး၏ ကိုဗစ်အရေး ရပ်တည်ချက်မှာ ဖီလာဆန့်ကျင်လျက်ရှိပြီး ဘိုင်ဒင်က "ဒီကပ်ရောဂါကို ခလုပ်တစ်ချက်နှိပ်လိုက်သလို အဆုံးသတ်နိုင်တယ်ဆိုတဲ့ ကတိအတုတွေ မပေးနိုင်ပါဘူး"ဟု ပြောကြားထားသည်။

သူသာ သမ္မတဖြစ်လာပါက လော့ခ်ဒေါင်းချနိုင်ခြေကိုလည်း ဘိုင်ဒင်က မပယ်ချခဲ့ဘဲ သိပ္ပံနည်းကျ စီမံဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထရမ့်ကလည်း "ခင်ဗျားတို့ ဂျိုးဘိုင်ဒင်ကိုသာမဲပေးရင် ကလေးတွေလည်း ကျောင်းမသွားရဘူး၊ ဘွဲ့နှင်းသဘင်တွေလည်းမလုပ်ရဘူး၊ မင်္ဂလာဆောင်လို့လည်း မရဘူး၊ ကျေးဇူးတော်နေ့လည်း မလုပ်ရဘူး၊ ခရစ္စမတ်လည်း မလုပ်ရဘူး၊ ဇူလိုင် ၄ ရက်(လွတ်လပ်ရေးနေ့)လည်း မကျင်းပ ရတော့ဘူးဆိုတာ သိထားပါ" ဟု တုံ့ပြန်ခဲ့သည်။

F-05