News

POST TYPE

NEWS

သီတင်းကျွတ်တွင် လူစုလူဝေးဖြင့်ကန်တော့ပါက COVID-19 ကူးစက်ဖြစ်ပွားနိုင်ချေရှိဟု ထုတ်ပြန်
29-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၉

မိဘဘိုးဘွားများအား လူအများစုဝေး၍ သွားရောက်ကန်တော့ခြင်းဖြင့် COVID-19 ကူးစက်မှုဖြစ်ပွားနိုင်ချေရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံအရ သီတင်းကျွတ်အချိန်ကာလ၌ မိဘ၊ ဘိုးဘွားများနှင့် ဆရာသမားများကို ဂါရဝပြုကန်တော့ခြင်းများ ပြုလုပ်ကြမည်ဖြစ်ရာ ယခုအချိန်သည် COVID-19 ကပ်ရောဂါဖြစ်ပွားနေသဖြင့် လူအများစုဝေးသွားရောက် ကန်တော့ခြင်းဖြင့် COVID-19 ကူးစက်ဖြစ်ပွားနိုင်ချေ ရှိသည့်အတွက် ၎င်းဝန်ကြီးဌာနက လိုက်နာရမည့်နည်းလမ်းများကို ထုတ်ပြန်ပေးထားသည်။

ကန်တော့ကြသူအများစုသည် ကျန်းမာ၍အသက်ငယ်ရွယ်သူများ ဖြစ်ကြသော်လည်း ရောဂါလက္ခဏာမပြဘဲ COVID-19 ပိုးကူးစက်နေသူများ ဖြစ် နေနိုင်သည့်အပြင် ကန်တော့ခံသူများသည်လည်း အသက်အရွယ်ကြီး၍ ရောဂါအခံတစ်မျိုးမျိုးရှိနေနိုင်သည်။

ယင်းအတွက် အတူနေမဟုတ်သူ အသက်အရွယ်ကြီးရင့်သော မိဘ၊ ဘိုးဘွား၊ ဆရာသမားများအား နေအိမ်သို့ လူကိုယ်တိုင်သွားရောက်၍သော်လည်းကောင်း၊ ဘိုးဘွားရိပ်သာစသည်တို့ကို လူကိုယ်တိုင် သွားရောက်၍သော်လည်းကောင်း၊ ကန်တော့ခြင်း၊ ဂါရဝပြုခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်သည့် အချိန်ကာလလည်း ဖြစ်သည်ဟုဆိုသည်။

မိဘ၊ ဘိုးဘွားများကို ကန်တော့ပါက ၆ ပေအကွာ ခပ်ခွာခွာမှသာ ကန်တော့ခြင်း၊ မိဘ၊ ဘိုးဘွားများကို ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ထားစေခြင်းနှင့် မိမိတို့ ကိုယ်တိုင်လည်း တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် ဆေးကြောပြီးမှသာ ကန်တော့ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ တွေ့ဆုံဂါရဝပြုသည့် အချိန်တိုတောင်းစေခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ထုတ်ပြန်ပေးထားသည်။

လူကိုယ်တိုင် သွားရောက်ခြင်းမရှိဘဲ အိမ်အရောက်ပို့ဆောင်သော ဝန်ဆောင်မှုဖြင့် ကန်တော့ပစ္စည်းများ ပေးပို့ပြီးကန်တော့ပါကလည်း ထိုပစ္စည်းများမှတစ်ဆင့် COVID-19 ရောဂါပိုးကူးစက် ခြင်းမခံရစေရေးအတွက် သတိပြုရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြပေးထားသည်။

အစားအသောက်မဟုတ်သော ကန်တော့ပစ္စည်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပိုးသတ်သန့်စင်ခြင်းများ  ဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုက်တွန်းနှိုးဆော်ထားသည်။

S-09