News

POST TYPE

NEWS

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဆုံးသတ်ရေး ရေဒီယိုအစီအစဉ် စတင်ထုတ်လွှင့်
29-Oct-2020
ဓာတ်ပုံ-မအိုကေဘူးအစီအစဉ်

ရန်ကုန်၊ အောက်တိုဘာ ၂၉

မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ နှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှု (SGBV) အဆုံးသတ်ရန် လုပ်ဆောင်လျက်ရှိသည့် ထောက်ခံပြောဆိုသူများနှင့် တရားမျှတမှု ဖော်ဆောင်သူများအကြောင်း ပြောပြမည့် မအိုကေဘူး ရေဒီယိုအစီအစဉ်မှတ်တမ်းစီးရီးကို စတင်ထုတ်လွှင့်နေပြီဖြစ်ကြောင်း သိရသည်။

ထုတ်လွှင့်မှုကို အပတ်စဉ်ပြုလုပ်မည်ဖြစ်ပြီး အပိုင်းတပိုင်းစီတွင် မြန်မာနိုင်ငံ၌ လိင်ပိုင်းဆိုင်ရာနှင့် ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုမှ လွတ်မြောက်လာသူများအတွက် ရှိနေသည့် ဥပဒေဆိုင်ရာနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ အတားအဆီးများ ယင်းဖြစ်ရပ်များရပ်တန့်ရေးအတွက် ဆောင်ရွက်သူများ၏ ဆောင်ရွက်ချက်များကို ပြောဆိုဆွေးနွေးမည်ဖြစ်သည်။

ပထမဆုံးအပိုင်းတွင် COVID-19 ကာလအတွင်း မြင့်တက်လာသော အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများပါဝင်ပြီး အကြမ်းဖက်မှုသည် ဥပဒေတွင် မည်သို့အကျိုးသက်ရောက်သည်၊ ရှေ့နေများ၊ ဥပဒေအထောက်အကူပေးသူများနှင့် လူမှုရေးဝန်ထမ်းများက အကြမ်းဖက်မှုများကိုချေမှုန်းရန် မည်သို့လုပ်ဆောင်နေသည်များကို နားဆင်သူများက လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မအိုကေဘူးရေဒီယိုအစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (IDLO) က ဖန်တီးကာ အပတ်စဉ် စနေနှင့် အင်္ဂါနေ့တိုင်း City FM (88.9MHz) တွင် ညနေ ၆ နာရီ၊ Bagan FM တွင် သောကြာနေ့ ညနေ ၄ နာရီနှင့် တနင်္ဂနွေနေ့ မနက် ၉း၃၀ အချိန်တွင် ထုတ်လွှင့်မည်ဖြစ်ပြီး အွန်လိုင်းမှလည်း Soundcloud နှင့် Facebook
(https://www.facebook.com/maokbu) မှတဆင့်လည်း နားဆင်နိုင်ကြောင်း ယင်းအစီအစဉ်ထံမှ သိရသည်။

"လိင်ပိုင်းဆိုင်ရာနဲ့ ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုဟာ အိမ်တွေ၊ လမ်းတွေ၊ အလုပ်ခွင်တွေ၊ ကျောင်းတွေ၊ အွန်လိုင်း စသဖြင့် နေရာအနှံ့မှာဖြစ်ပွားနေပါတယ်။ ဒီလိုပျံ့နှံ့ဖြစ်ပွားနေပေမယ့် ပတ်ဝန်းကျင်က ထုတ်ဖော်ပြောဆိုမှု၊ သတင်းပေးတိုင်ကြားမှုတွေမရှိတဲ့အတွက် ကျူးလွန်သူတွေကို ပြစ်ဒဏ်ကကင်းလွတ်ခွင့် ပေးထားသလိုဖြစ်နေတယ်။ ရေငုံနှုတ်ပိတ်နေဖို့ ငြင်းဆန်သူတွေအကြောင်းနဲ့ SGBV က ရှင်သန်လွတ်မြောက်လာသူအတွက် တရားမျှတမှုရရှိအောင် ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာတွေကို မအိုကေဘူးအစီအစဉ်က ပြောပြပါမယ်" ဟု IDLO ၏ မြန်မာနိုင်ငံစီမံခန့်ခွဲသူ Morgane Landel က ပြောကြားသည်။ 

IDLO ၏ ၂၀၁၈ ခုနှစ် သုတေသနအရ SGBV ကျူးလွန်ခံရသူ ၅ ရာခိုင်နှုန်း အောက်ကသာ တရားဝင်တိုင်ကြားမှု ပြုလုပ်သည်ကို တွေ့ရှိရကြောင်း IDLO ထံမှသိရသည်။          

S-07