News

POST TYPE

NEWS

အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်ရွေးကောက်ပွဲ လူသန်းချီမဲပေး
28-Oct-2020


ပတ္တနား၊ အောက်တိုဘာ ၂၈

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကမ္ဘာအနှံ့ပျံ့နှံ့ပြီးနောက်ပိုင်း ကမ္ဘာပေါ်တွင် မဲပေးသူအများဆုံးရွေးကောက်ပွဲအဖြစ် အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ရွေးကောက်ပွဲများကျင်းပလျက်ရှိရာ လူသန်းချီ လာရောက်မဲပေးကြကြောင်း  AFP သတင်းဌာနက ဖော်ပြသည်။

မဲရုံများတွင် လူပြည့်နှက်နေပြီး မျက်နှာဖုံးတပ်ရန်နှင့် လူချင်းခပ်ခွာခွာနေရန် အစိုးရက သတိပေးထားသော်လည်း လိုက်နာမှုအားနည်းသည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံအရှေ့ပိုင်းပြည်နယ် ဘီဟာရ်တွင် မဲပေးခွင့်ရှိသူ လူသန်း ၇၀ ရှိပြီး ဧပြီလအတွင်းက ရွေးကောက်ပွဲလုပ်သွားသည့် တောင်ကိုရီးယားနိုင်ငံ ထက်ပင် မဲဆန္ဒရှင်ပိုများသည့်နေရာဖြစ်သည်။ 

လက်ရှိပြည်နယ်အစိုးရမှာ ဝန်ကြီးချုပ် နာရိဒန္ဒာမိုဒီ၏ ဘီဂျေပီနှင့် အခြားပါတီများညွန့်ပေါင်းအစိုးရဖြစ်ပြီး ဘီဂျေပီပါတီက ယခုပြည်နယ်ရွေးကောက်ပွဲနိုင်လျှင် တစ်ပြည်နယ်လုံး ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံခွင့်ရစေရမည်ဟု ကတိပေးထားသည်။

ကမ္ဘာတွင် အမေရိကန်ပြီးလျှင် ကူးစက်မှုအမြင့်ဆုံး အိန္ဒိယတွင် ကူးစက်ခံရသူ ၈ သန်းနီးပါးရှိလာပြီဖြစ်သည်။ 

"ကျွန်မနည်းနည်းတော့ ကြောက်တယ်၊ ကိုရိုနာက ခပ်ပေါ့ပေါ့ရောဂါတော့ မဟုတ်ဘူးလေ"ဟု ပြည်နယ်မြို့တော် ပတ္တနားရှိ မဲရုံတစ်ရုံတွင် မဲပေးရန်တန်းစီနေသည့် အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ နီဒီရ်ကုမ္မာရီက ဆိုသည်။

"ဒါပေမဲ့ မဲရုံတွေမှာ ကြိုတင်ကာကွယ်မှုတွေတော့လုပ်ထားတယ်၊ လက်ဆေးရည်တွေ၊ လက်အိတ်တွေပေးတယ်" ဟု ကုမ္မာရီက ပြောကြားခဲ့သည်။

မဲရုံများတွင် လူထူထပ်မှုလျှော့ချရန် ရွေးကောက်ပွဲကို သုံးရက်ခွဲကျင်းပလျက်ရှိပြီး အောက်တိုဘာလ ၂၈ ရက်၊ နိုဝင်ဘာလ ၃ ရက်နှင့် နိုဝင်ဘာလ ၇ ရက်ဟု ရက်ခွဲကျင်းပခြင်းဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူများလည်း ကျန်းမာရေးအာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် မဲပေးခွင့်ရမည်ဟု သိရသည်။

F-05