News

POST TYPE

NEWS

အရန်ဆန် အိတ် ၆ သိန်းကျော် ရောင်းချရန်ကျန်ရှိ
28-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လက်လီဆန်ဆိုင်များနှင့် အဖွဲ့အစည်းများသို့ ပြန်လည်ရောင်းချပေးရန်အတွက် အရန်ဆန်အိတ် ၆၇၈,၂၂၉ ရောင်းချရန်ကျန်ရှိကြောင်း ယင်းအသင်းချုပ် ထံမှသိရသည်။

Covid-19 Stay at Home ကာလတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် ဆန်စပါးကုန်စည်ဒိုင်များ ပူးပေါင်း၍ စားသုံးသူများအတွက် ဆန်ဖြည့်ဆည်းထောက်ပံ့ ဖြန့်ဖြူးရောင်းချပေးနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း အရန်ဆန် (ဧည့်မထလုံးရှည်/အသွယ် ၂၅ ရာခိုင်နှုန်း) ဆန်ကို ဆန်လက်လီအရောင်းဆိုင်များမှတစ်ဆင့် ရောင်းချပေးလျက်ရှိပြီး သိုလှောင်ရုံအထိုင်တစ်အိတ်လျှင် ၂၂,၈၀ဝ ကျပ်နှုန်းဖြင့်လည်းကောင်း လက်လီဆိုင်အရောက်ပို့စနစ်ဖြင့် တစ်အိတ်လျှင် ၂၃,၂၀ဝ ကျပ်နှုန်းဖြင့် လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း စသည့် အခြားစားသုံးဆန်များကိုလည်း သင့်တင့်သည့်ဈေးနှုန်းဖြင့် အရောက်ပို့စနစ် ဖြန့်ဖြူးပေးနေပြီး တစ် ကြိမ်လျှင် ၁၀ အိတ်အနည်းဆုံး မှာယူရမည်ဖြစ်ကာ နေပြည်တော်နှင့် မန္တလေးတွင် ဝယ်ယူလိုပါက တစ်အိတ်လျှင် ၂၂,၈၀ဝ ကျပ်နှုန်းဖြင့် အများဆုံးအိတ် ၂၀ဝ အထိ လက်လီဆိုင်များနှင့် အဖွဲ့အစည်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်/တိုင်းဒေသကြီးများအလိုက် အရန်ဆန်အိတ်များ ရောင်းချပေးမှုအနေနှင့် ရန်ကုန်တိုင်းတွင် ၆၉,၂၀၇ အိတ်၊ မန္တလေးတိုင်းတွင် ၁၇,၈၃၃ အိတ်၊ တနင်္သာရီတိုင်းတွင် ၁၄,၁၂၀ အိတ်၊ နေပြည်တော်တွင် ၈၄၀ဝ အိတ်၊ မွန်ပြည်နယ်တွင် ၄၄၀ဝ အိတ်၊ ချင်းပြည်နယ်တွင် ၂၀ဝ၀ အိတ်၊ ကယားပြည်နယ်တွင် ၂၀ဝ၀ အိတ်၊ ပဲခူးတိုင်းတွင် ၁၅၀ဝ အိတ်၊ မကွေးတိုင်းတွင် ၈၀ဝ အိတ်၊ ဧရာဝတီတိုင်းတွင် ၇၀ဝ အိတ်၊ စစ်ကိုင်းတိုင်းတွင် ၅၀ဝ အိတ်တို့ကို ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

အလုပ်သမားများအတွက် ဝယ်ယူလိုသည့် စက်ရုံများ၊ ကုမ္ပဏီများ၊ ပရဟိတအသင်းများအနေဖြင့် ဆန်ဝယ်ယူရန်လိုအပ်ချက်များရှိပါက အသင်းချုပ် နှင့် ဆက်သွယ်ဆောင်ရွက်ရန် အီးမေးလ် [email protected][email protected][email protected] နှင့် ဖုန်း ဝ၉-၇၈၀၁၇၃၉၆၀၊ ဝ၉-၆၉၄၃၈၆၉၉၄၊ ဝ၉-၆၉၄၃၈၆၉၉၆ တို့ထံ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

S-07