News

POST TYPE

NEWS

လွိုင်ကော်မြို့ ဝှါရီကောခူဂိတ်ရှိ ကုန်တင်ယာဉ်မောင်းများကို ရွှေ့ပြောင်းပေးခြင်းမရှိပါက အင်အားသုံးဖယ်ရှားမည်ဟု ဒေသခံများတောင်းဆို
28-Oct-2020
ဓာတ်ပုံ-ရွှေလွိုင်ကော်ပရဟိတအဖွဲ့ 

တောင်ငူ၊ အောက်တိုဘာ ၂၈ 

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဝှါရီကောခူဂိတ်(ကားကြီးကွင်း)တွင် ကုန်တင်ယာဉ်မောင်းများကို ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနေခြင်းကို ရပ်ဆိုင်းပြီး ယင်းနေရာမှဖယ်ရှားပေးခြင်းမရှိပါက အင်အားသုံးဖယ်ရှားမည်ဟု ဒေသခံများက အောက်တိုဘာ ၂၈ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုလိုက်သည်။ 

"အခုလွိုင်ကော်မှာ ရောဂါပိုးတွေ့နေပြီ။ ကုန်တင်ကားသမားတွေ ကိုဗစ်စစ်ဆေးတဲ့ကားဝင်းက ရွာနဲ့ပေ ၃၀ ကျော်ပဲ ဝေးတယ်။ လူကြီးတွေနဲ့ကလေး‌တွေအတွက် စိုးရိမ်တယ်။ ရွှေ့ပြောင်းပေးဖို့ မစီမံပေးရင်တော့ လူထုအားနဲ့ဆက်လုပ်ဖို့ ဒေသခံတွေ ဆုံးဖြတ်ထားတယ်" ဟု ဝှါရီကောခူ (ကားကြီးကွင်း)အနီး ပီကင်းကောခူရွာ ဥက္ကဋ္ဌ ဦးအောင်ကျော်ဌေးက ပြောကြားသည်။ 

ကိုဗစ်ရောဂါပထမလှိုင်းကာလက ကယားပြည်နယ်အတွင်း ရောဂါကူးစက်မှုမရှိသော်လည်း ဒုတိယလှိုင်းကာလ အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်မှ ပြန်လာသည့် သူနာပြုဆရာမတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိခဲ့ရပြီးနောက် ဝှါရီကောခူဂိတ်(ကားကြီးကွင်း)တွင် စောင့်ကြည့်မှုခံယူနေသည့် ကုန်တင်ကားသမားနှစ်ဦးတွင်လည်း အောက်တိုဘာ ၂၆ ရက်နေ့က ‌ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် ဒေသခံများက ယခုကဲ့သို့ တောင်း ဆိုမှုများပြုလုပ်လာကြခြင်းဖြစ်သည်။ 

" ဒေသခံတွေရဲ့ စိုးရိမ်သောကကိုလည်း နားလည်ပါတယ်။ ဒီနေ့ တောင်းဆိုခဲ့တဲ့စာကိုလည်း ဖတ်ရပါတယ်။ ကျွန်တော့်သဘောထား တစ်ခုထဲနဲ့ ဆုံးဖြတ်လို့မရနိုင်လို့ အဆင့်ဆင့်ကိုတင်ပြပြီး ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးဖို့ စီမံနေပါတယ်"ဟု လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း က ပြောကြားသည်။ 

မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုများမရပ်တန့်စေရေးအတွက် စီမံဆောင်ရွက်နေကြရသည့်အပြင် ကုန်တင်ကားသမားများအကြား ရောဂါပိုးတွေ့ရှိမှုများကြောင့် ယခင်ကထက်ပို၍ အသွားအလာ အနေအထိုင်ဆင်ခြင်နေကြပြီဟု ယူဆကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

ဝှါရီကောခူဂိတ်တွင်ထားရှိသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၅၀ ကျော်ကို ဆေးစစ်ချက်များအရ အောက်တိုဘာ ၁၆ ရက်နေ့က နက်ဂတစ် အဖြေထွက်ထားသူတစ်ဦးနှင့် အောက်တိုဘာ ၂၃ ရက်ကမှ လွိုင်ကော်သို့ရောက်လာပြီး နက်ဂတစ်ဆေးစစ်ချက်အဖြေပါလာသူ ယာဉ်မောင်းတစ်ဦးတို့တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့်အပြင် ကယားပြည်နယ်တွင် ပိုးတွေ့အတည်ပြုလူနာ ခုနစ်ဦးအထိ ရောက်ရှိလာပြီဟု ပြည်နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ 

ဝှါရီကောခူဂိတ်(ကားကြီးကွင်း) ရှိ ကားသမားနှစ်ဦး ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဒေသခံလူထုအနေနှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းကြောင့် ကားကွင်းတွင် ကုန်တင်ကုန်ချလုပ်ငန်းများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လူထုသဘောထားကို ဖော်ထုတ်ပြသသည့်အနေနှင့် အင်အားသုံး ဖယ်ရှားရှင်းလင်းမည်ဟု ဒေသခံများကတောင်းဆိုထားသည့်စာတွင် ဖော်ပြထားသည်။ 

ကယားပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိထားသူများကို သီးခြားကြပ်မတ် ကုသပေးထားရပြီး အခြားဒေသများမှ ပြန်လာသူများနှင့် ပိုးရှိသူနှင့် ထိတွေ့မိသူ စုစုပေါင်း ၂၀ဝ ကျော်ကို မြို့နယ်အလိုက် FQ စခန်းများတွင် သီးခြားစောင့်ကြည့် ထားရှိကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနထံမှ ထပ်မံသိရှိရသည်။

R-02