News

POST TYPE

NEWS

မြန်မာ့စောင်းတူရိယာကို အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်နေပြီဟုဆို
28-Oct-2020

မန္တလေး၊ အောက်တိုဘာ ၂၈

မြန်မာတို့၏ ရိုးရာတူရိယာတစ်မျိုးဖြစ်သည့် မြန်မာ့စောင်းတူရိယာကို အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးသားအမွေအနှစ်ကော်မတီ အတွင်းရေးမှူးအဖွဲ့ထံမှ သိရသည်။ 

စောင်းတူရိယာသည် မြန်မာနိုင်ငံတွင်ရှိသည့် ကြိုးတပ်တူရိယာများအနက် အစောဆုံးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ထိန်းသိမ်းရမည့်အရေးပေါ် အခြေအနေဖြစ်လာသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးသား အမွေအနှစ်ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးတင်လတ်ယုက ပြောကြားသည်။ 

"စောင်းတူရိယာက တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ ကမ္ဘောဒီးယားဆိုရင်လည်း ရိုးရာစောင်းကို ပြန်ဖော်ထုတ်နေတယ်။ အိမ်နီးချင်း နိုင်ငံအတော်များများမှာ စောင်းတူရိယာ တွေရှိကြတယ်။ ဒီထဲမှာ မြန်မာ့စောင်းက သက်တမ်းအရှည်ကြာဆုံးဖြစ်တယ်။ ဘီစီ ၂ ရာစုကတည်းက အသုံးပြုခဲ့တဲ့ အထောက်အထားတွေတွေ့တယ်။ ထိန်းသိမ်းဖို့ အရေးပေါ်လိုအပ်နေတယ်" ဟု ၎င်းက ရှင်းပြသည်။ 

လက်ရှိအချိန်တွင် စောင်းတူရိယာနှင့် ပတ်သက်၍ အချက်အလက်စုဆောင်းနေကြောင်း၊ နိုဝင်ဘာလတွင် ပညာရှင်များနှင့် တိုင်ပင်၍ စာတမ်းပြုစုခြင်းလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်သွင်းမည်ဖြစ်ပြီး ဗဟိုကော်မတီမှ မြန်မာ့စောင်းတူရိယာကို အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်မည်၊ မသတ်မှတ်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှု အမျိုးသားအမွေအနှစ်ကော်မတီ အတွင်းရေးမှူးအဖွဲ့ထံမှ ထပ်မံသိရသည်။ 

လက်ရှိအချိန်တွင် အမျိုးသားအဆင့် ဒြမ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် မြန်မာ့သနပ်ခါးကို ကမ္ဘာ့အသိအမှတ်ပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် UNESCO အဖွဲ့ထံ ၂၀၂၀ ပြည့်နှစ် မတ်လက တင်ပြထားသည်။ 

ရတီ