News

POST TYPE

NEWS

အမေရိကန်တရားရုံးချုပ် တရားသူကြီးသစ်အဖြစ် အေမီကွန်နေးဘာရက်ကို အထက်လွှတ်တော်အတည်ပြု
27-Oct-2020


ဝါရှင်တန်၊ အောက်တိုဘာ ၂၇

အမေရိကန်တရားရုံးချုပ် တရားသူကြီးအဖြစ် အေမီကွန်နေးဘာရက်ကို အထက်လွှတ်တော်က အတည်ပြုခန့်အပ်လိုက်ရာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုတွင် သမ္မတဒေါ်နယ်ထရမ့်အတွက် အောင်ပွဲတစ်ရပ်ဖြစ်လာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ထရမ့်အဆိုပြုထားသည့် အမျိုးသမီးတရားသူကြီး ဘာရက်ကို ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၈ မဲ ဖြင့် ရီပတ်ဘလစ်ကန်တို့ လွှမ်းမိုးထားသော အထက်လွှတ်တော်က အတည်ပြုခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။

တရားသူကြီးဘာရက်ကို ခန့်အပ်နိုင်ခြင်းကြောင့် အမေရိကန်၏ အမြင့်ဆုံးတရားရုံးတွင် ယခုအခါ ကွန်ဆာဗေးတစ်များက ၆ ဦး - ၃ ဦး ဖြင့် အပြတ်အသတ် အားသာသွားပြီဖြစ်သည်။

ရီပတ်ဘလီကန်သမ္မတများလက်ထက်တွင် ရှေးရိုးစွဲကွန်ဆာဗေးတစ်အမြင်ရှိသော တရားသူကြီးများကို တရားရုံးချုပ်တွင် ခန့်အပ်လေ့ရှိပြီး ဒီမိုကရက်သမ္မတများလက်ထက်တွင် သဘောထားပျော့ပြောင်းသည့် လစ်ဘရယ်အမြင်ရှိသော တရားသူကြီးများကို ခန့်အပ်လေ့ရှိသည်မှာ ထုံးစံဖြစ်သည်။

တရားရုံးချုပ်တရားသူကြီးကိုးဦး၏နေရာမှာ တစ်သက်တာဖြစ်ပြီး တစ်ဦးဦး ကွယ်လွန် သို့မဟုတ် တာဝန်မှ သဘောဆန္ဒအလျောက် အနားယူမှသာ လစ်လပ်သည့်နေရာဖြစ်သည်။

ရာထူးလစ်လပ်ပါက သမ္မတက အဆိုပြုပြီး အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုရသည်။

ထရမ့်လက်ထက် ရီပတ်ဘလစ်ကန် တို့က အထက်လွှတ်တော်တွင် လူများစုဖြစ်နေခဲ့ချိန်တွင် တရားရုံးချုပ် တရားသူကြီးနေရာ သုံးကြိမ်တိုင် လစ်လပ်ခဲ့သည်။ 

အသက် ၄၈ နှစ်သာရှိသေးသူ ဘာရက်သည် ၂၀၁၇ ခုနှစ်က နီးလ်ဂေါ်ဆက်ချ်နှင့် ၂၀၁၈ ခုနှစ်က ဘရက်ကာဗင်နော့တို့နောက်ပိုင်း ထရမ့်လက်ထက် ခန့်အပ်နိုင်ခဲ့သော သုံးဦးမြောက်တရားသူကြီးဖြစ်သည်။  

ယခုကဲ့သို့ သမ္မတသက်တမ်းကုန် ခါနီးရက်ပိုင်းအလိုတွင် ယခုကဲ့သို့ လစ်လပ်နေရာကိုအမြန်ခန့်အပ်မှုအတွက် ဒီမိုကရက်တို့က အပြင်းအထန်ဝေဖန်ခဲ့ကြသည်။

ဒီမိုကရက်တစ်ပါတီမှ သမ္မတ ဘားရက်အိုဘားမားလက်ထက်က အလားတူ ဖြစ်စဉ်ဖြစ်ခဲ့ဖူးသော်လည်း ထိုစဉ်က အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တို့ လွှမ်းမိုးထားခဲ့ရာ အိုဘားမားအဆိုပြုသူမှန်သမျှကို အထက်လွှတ်တော်က ပယ်ချခဲ့ကြသည်။

သက်တမ်းကုန်ခါနီးသမ္မတက တစ်သက်တာ တာဝန်ယူရမည့် တရားသူကြီးသစ်ကို အဆိုပြုရန်မသင့်ဟုဆိုကာ နောင်တက်မည့်သမ္မတလက်ထက်တွင်မှ ခန့်သင့်သည်ဟု ရီပတ်ဘလစ်ကန်တို့က ထောက်ပြခဲ့ကြဖူးသည်။

ယခုအခါတွင်မူ ထရမ့် ထပ်နိုင်မည်၊ မနိုင်မည် မသေချာသေးမီ၊ ရွေးကောက်ပွဲမကျင်းပမီ လွှတ်တော်အသာစီးရမှုကို အသုံးချပြီး ခန့်အပ်ခဲ့ခြင်းဖြစ်ရာ ဒီမိုကရက်တို့က အပြင်းအထန် ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။ 

တရားရုံးချုပ် တရားသူကြီးသစ် အေမီကွန်နေးဘာရက်သည် ကိုယ်ဝန်ဖျက်ချမှု၊ လိင်တူလက်ထပ်မှုကဲ့သို့သော ကိစ္စများတွင် တင်းမာသောသဘောထားရှိသောကြောင့် ဆိုရှယ်ကွန်ဆာဗေးတစ်များ၏ လိုလားမှုခံရသူဖြစ်သည်။

မူလဘူတဝါဒီ (Originalis) ဟုခေါ်သော အမေရိကန်အခြေခံဥပဒေကို မူလရေးဆွဲသူများ ရည်ရွယ်ခဲ့သည့်အတိုင်းသာ ဖွင့်ဆိုရမည်၊ ခေတ်နှင့်ဆီလျော်အောင် ဖွင့်ဆိုရန်မသင့်ဟု ယူဆသူတစ်ဦးလည်း ဖြစ်သည်။

ဘာသာရေးကိုင်းရှိုင်းသည့် ကက်သလစ်တစ်ဦးဖြစ်ပြီး အင်ဒီယားနားတွင် နေထိုင်ကာ ကလေး ၇ ဦးရှိပြီး ယင်းတို့ အနက်မှနှစ်ဦးမှာ ဟေတီမှ မွေးစားထားခြင်းဖြစ်သည်။

F-05