News

POST TYPE

NEWS

အီတလီတွင် ကိုဗစ်ထိန်းချုပ်ရေးကန့်သတ်ချက်များအပေါ် ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွား
27-Oct-2020


ရောမ၊ အောက်တိုဘာ ၂၇

အီတလီနိုင်ငံတွင် Covid 19 ဒုတိယလှိုင်းအားထိန်းချုပ်ရန် ထုတ်ပြန်လိုက်သော စည်မျဉ်းသစ်များကို မကျေနပ်ကြသဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆန္ဒပြမှုများဖြစ်ခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

နိုင်ငံမြောက်ပိုင်း မီလန်နှင့် တူရင်မြို့ကြီးများတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲများကို ရေနံဆီပုလင်းဗုံးဖြင့် ပစ်ပေါက်မှုများပါရှိခဲ့သည်ဟုသိရသည်။

မီလန်မြို့တွင်မူ ရဲများက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖြင့်ပစ်ကာ လူစုခွဲခဲ့ရပြီး နေပယ်မြို့တွင်လည်း အကြမ်းဖက်မှုများဖြစ်ခဲ့သည်။

ပြည်တွင်းစံတော်ချိန် ညနေ ၆ နာရီ မှ စတင်၍ အားကစားရုံများ၊ စားသောက်ဆိုင်များ၊ ဘားများနှင့် ရုပ်ရှင်ရုံများအား ပိတ်ရမည်ဟူသော စည်းမျဉ်းအမိန့်ကို အစိုးရက ထုတ်ပြန်အပြီး ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အခြားဒေသများတွင်လည်း ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး မီလန်မြို့ရှိသော လွန်ဘာဒီဒေသနှင့် တူရင်မြို့ရှိသော ပီးဒ်မွန့်ဒေသများလည်း အပါအဝင်ဖြစ်သည်။

ရောမ၊ ဂျီနိုအာ၊ ပါလာမို၊ ထရီအက်စ် အစရှိသောမြို့များအပါအဝင် မြို့ပေါင်း ၁၂ မြို့ နီးပါးတွင် ဆန္ဒပြပွဲများဖြစ်ခဲ့သည် ဟုသိရသည်။

ယခုနှစ် အစောပိုင်းတွင် ချမှတ်ခဲ့သော Lockdown စည်းမျဉ်းများ ပြန်လည်ပြင်ဆင်လိုက်သော စည်းမျဉ်းများကို ထုတ်ပြန်ကြေညာချိန်တွင် ပထမ Lockdown ဒဏ်ကို ခံစားထားရပြီး ပြန်လည်စီးပွားရေးကောင်းလာဆဲ အချိန်တွင် စည်းမျဉ်းများ ထပ်မံချမှတ်တင်းကျပ်မည်ဆိုပါက ယင်းတို့၏ စီးပွားရေးပျက်နိုင်သည်ဟု လုပ်ငန်းငယ်များဘက်မှထောက်ပြခဲ့သည်။

နာမည်ကြီး ဂူချီဆိုင်တစ်ဆိုင် အပါအဝင် တူရင်မြို့လယ်ရှိ ဇိမ်ခံပစ္စည်းအရောင်းဆိုင်တချို့ကို ဆန္ဒပြသူများက ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

ဆန္ဒပြသူများက မီးကျည်များနှင့် ဗျောက်အိုးများကို လမ်းပေါ်တွင်ချထားခဲ့ပြီး ချပ်ဝတ်အပြည့်စုံဝတ်ထားသော ရဲများကလည်း မျက်ရည်ယိုဗုံးများဖြင့် ပြန်လည်ပစ်ခဲ့သည်။

မီလန်မြို့တွင် ဆန္ဒပြသူများက “လွတ်လပ်ခွင့်၊ လွတ်လပ်မှု”ဟု သံပြိုင် အော်ဟစ်ကာမြို့လယ်တွင် ရဲများနှင့်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

မီလန်မြို့သည် Covid 19 ဒဏ်ကို အပြင်းအထန်ခံခဲ့ရသော လွန်ဘာဒီဒေသ၏ မြို့တော်လည်း ဖြစ်သည်။

စားသောက်ဆိုင်များ၊ ဘားများ နှင့် ကော်ဖီဆိုင်များ ည ၆ နာရီမှစ၍ ဆိုင်ထိုင် စားသောက်ခွင့်မပြုတော့ဘဲ ညသန်းခေါင်ထိ ပါဆယ်သာမှာယူနိုင်မည်ဖြစ်သည်။

လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုရှိသော အားကစားများကိုလည်း တားမြစ်ထားပြီး ဆိုင်အချို့နှင့် လုပ်ငန်းအများစု ဆိုင်ပိတ်သွားမှာမဟုတ်ဟု သိရသည်။

စည်းမျဉ်းအသစ်များသည် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ သက်ရောက်မှုရှိမည်ဖြစ်ပြီး ကျောင်းများနှင့်တက္ကသိုလ်များ ၇၅ ရာခိုင်နှုန်း စာသင်ခန်းများတွင် စာသင်တော့မည်မဟုတ်ဘဲ အွန်လိုင်းသင်ကြားရေးစနစ်ဖြင့်သာ သင်ကြားသွားမည်ဟုသိရသည်။         

F-05