News

POST TYPE

NEWS

သားငါး၊ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသည့်ဈေးဖြင့် ဆက်လက်ရောင်းချ
27-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၇

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ပူးပေါင်း၍ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြို့နယ်တွင်းသက်သာသည့်ဈေးနှုန်းများဖြင့် သားငါး၊ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုအရ မြို့တော်စည်ပင်နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့က ပူးပေါင်းစီစဉ်ဆောင်ရွက်သည့်  Mobile Market အစီအစဉ်ကို အောက်တိုဘာလ ၂၇ ရက်နေ့က သာကေတ၊ ဒေါပုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်းမြို့နယ်တို့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ရောင်းချပေးရာ ပြည်သူများက စိတ်ဝင်စားစွာလာရောက်ဝယ်ယူကြကြောင်း သိရသည်။

Mobile Market တွင်ရောင်းချသည့် သားငါးစားသောက်ကုန်များသည် သက်ဆိုင်ရာလုပ်ငန်းရှင်အသင်းများနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီက ကျန်းမာရေးထောက်ခံချက်ဖြင့်ထုတ်လုပ်သည့် အသားများဖြစ်သည့်အတွက် အရည်အသွေးပြည့်မီသည့်အပြင် ဈေးနှုန်းသက်သာသည့်အတွက် ပြည်သူများက စဉ်ဆက်မပြတ်ဆက်လက်ရောင်းချရန် တောင်းဆိုမှုများရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

အဆိုပါ Mobile Market တွင် ရောင်းချခဲ့သည့် စားသောက်ကုန်များမှာ ငါး၊ ပုစွန်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ အမဲသား၊ ကြက်သား၊ ဆိတ်သား၊ ကြက်ဥ၊ ဘဲဥ၊ ဆီနှင့် ဟင်းသီးဟင်းရွက်များဖြစ်သည်။

ကိုဗစ်ကာလအတွင်း ပြည်သူများ စိတ်သက်သာရာရရှိရေး၊ လတ်ဆတ်သည့်စားသောက်ကုန်များ စားသုံးနိုင်ရေးအတွက် မြို့နယ်များသို့အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ပြီး ရောင်းချမည့်မြို့နယ် ရပ်ကွက်များသို့ UMFCCI Facebook Page မှလည်းကောင်း၊ မြို့တော်စီးတီး FM များမှ အသိပေးကြေညာသွားမည်ဖြစ်သည်။                  

S-07