News

POST TYPE

NEWS

ရေစကြိုတွင် ချင်းတွင်းမြစ်ကမ်းပြိုသဖြင့် နှစ်ရက်အတွင်း အိမ်အလုံး ၇၀ ကျော် ပြောင်းရွှေ့
27-Oct-2020


ချောက်၊ အောက်တိုဘာ ၂၇ 

ချင်းတွင်းမြစ်ရေ ဆက်တိုက်တိုး လာသည့်အတွက် မြစ်ကမ်းပါးပြိုကျခဲ့ရာ ရေစကြိုမြို့နယ် အောင်ပန်းချောင်းကျေးရွာမှ အိမ်အလုံး ၇၀ ကျော် နှစ်ရက်အတွင်း ပြောင်းရွှေ့ပေးခဲ့ရသည်ဟု ရေစကြိုမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင်က ပြောဆိုသည်။

"အောက်တိုဘာ ၂၅ ရက်နေ့က စပြီး တစ်နေ့ကို ငါးပေလောက်တက်လာတယ်။ ခုဟာက ရေတိုးကြမ်းတာပေါ့ဗျာ။ တစ်နေ့ကို ငါးပေကျော်လောက်တက်တာ။ နှစ်ရက်ဆက်တိုက်တက်တာ။ ဒီနေ့(အောက်တိုဘာ ၂၇) ကျတော့ နှစ်ပေတိုးတယ်။ မနေ့က ကျွန်တော်တို့ဖျက်ခဲ့တဲ့ အိမ်နေရာ ဆိုရင် ဒီနေ့(အောက်တိုဘာ ၂၇)မှာ မရှိတော့ဘူး။ တစ်ရက်ကို ပေ ၃၀ လောက် ကမ်းပြိုကျတယ်" ဟု ၎င်းကရှင်းပြသည်။ 

အောင်ပန်းချောင်းကျေးရွာတွင် အောက်တိုဘာ ၂၆ ရက်နေ့က အိမ် ၄၇ လုံး၊ လူဦးရေ ၂၁၄ ဦး၊ အောက်တိုဘာ၂၇ ရက်နေ့တွင် အိမ် ၂၄ လုံး၊ လူဦးရေ ၉၇ ဦး၊ နှစ်ရက်အတွင်း ပြောင်းရွှေ့ရသည့် အိမ်ခြေစုစုပေါင်း ၆၁ လုံး၊ လူဦးရေစုစုပေါင်း ၃၁၁ ဦး ပြောင်းရွှေ့နေထိုင်ရသည်ဟု အောင်ပန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောဆိုသည်။

"ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေမှာ အခက်အခဲတွေ အများကြီးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ နေမှုထိုင်မှုပေါ့။ စားရေး၊ ဝတ်ရေးကတော့ လှုပ်လှုပ်ခါခါ လုပ်စားလို့ရပါတယ်။ ဒီနေမှုထိုင်မှုသာ မရတာ။ မရှိဆင်းရဲသားတွေကျတော့ အိမ်ဝိုင်း၊ မြေဝိုင်းဝယ်ဖို့ မလွယ်ဘူးလေ။ အဆောက်အအုံပြန်ဆောက်ဖို့ ဆိုတာကလည်း မလွယ်ဘူး။ မြေနေရာအခက်အခဲမရှိပေမယ့် ငွေအခက်အခဲတော့ ရှိနေတယ်" ဟု ၎င်းက ပြောကြားသည်။ 

အောင်ပန်းချောင်းကျေးရွာသည် အိမ်ခြေ ၃၆၀၊ အိမ်ထောင်စု ၄၂၀ စု၊ လူဦးရေ နှစ်ထောင်ကျော်နေထိုင်သော ကျေးရွာဖြစ်ပြီး ယခုနှစ် မိုးရာသီကာလ ချင်းတွင်းမြစ်ရေ ပထမအကြိမ်တက်လာ ချိန်တွင်လည်း ကမ်းပါးပြိုကျခဲ့သဖြင့် အိမ်လေးလုံးမှ မိသားစုများ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း၊ ၂၀၁၉ ခုနှစ်က အိမ် ၁၁၄ လုံး ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်မှစတင်ကာ ၁၀ နှစ်တာကာလအတွင်း ကျေးရွာဒေသခံတောင်သူများ လုပ်ကိုင် စားသောက်သော ယာမြေဧက တစ်ထောင်ကျော် ချင်းတွင်းမြစ်ရေ တိုက်စားခံရ၍ ဆုံးရှုံးခဲ့ရသည်ဟု ဦးစိုးဝင်းက ထပ်မံ ပြောဆိုသည်။ 

မြစ်ကမ်းပါးပြိုကျ၍ ပြောင်းရွှေ့နေထိုင်ရသော အိမ်ခြေ ၆၀ ကျော်သည် နီးစပ်ရာယာမြေများတွင် ခေတ္တနေထိုင်လျက်ရှိသည်။ 

ချင်းတွင်းမြစ်ရေတက်ကာ ကမ်းပါးပြိုကျသဖြင့် ယင်းကျေးရွာရှိ နေအိမ်များ ပြောင်းရွှေ့ရေးအတွက် ရေစကြိုမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးညီညီအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

ယခုနှစ် ဇူလိုင်လအတွင်းကလည်း ရေစကြိုမြို့နယ် ညောင်တောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာတွင် ချင်းတွင်းမြစ်ရေတက်ခဲ့ပြီး မြစ်ကမ်းပါးပြိုကျ၍ အိမ်ခြေ ၁၀ဝ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရသေးသည်။    

R-11