News

POST TYPE

NEWS

သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသည့် ကုန်စည်လိုင်း ၃၉၀ဝ ကျော် စာရင်းများထုတ်ပြန်
27-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသည့် ကုန်စည်လိုင်းများကို နှစ်စဉ်ပြန်လည်သုံးသပ်လျက်ရှိရာ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသည့် ကုန်စည်စာရင်းများကို အောက်တိုဘာလ ၂၇ ရက်နေ့က အမိန့်ကြေညာစာ သတ်မှတ်ထုတ်ပြန်လိုက်သည်။

အချို့ကုန်စည်လိုင်းများကို လိုင်စင်လျှောက်ထားရန်မလိုသည့် ကုန်စည်အဖြစ် ဖြေလျှော့ပြီး နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုကာကွယ်ရေးတို့ကို ရည်ရွယ်၍ တိရစ္ဆာန်အရှင်၊ အသား၊ ငါး၊ စားဆီ အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် နှံစားသီးနှံများ၊ သစ်တောထွက်ပစ္စည်းများ၊ အဖျော်ယမကာများ၊ တွင်းထွက်လောင်စာများ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ ဆေးဝါးများ၊ မော်တော်ယာဉ် နှင့် ယန္တရားများ၊ စွန့်ပစ်ပစ္စည်းများ စသည့်ကုန်စည်အုပ်စုများပါဝင်သည့်  HS Code 2017 Version အရ ကုန်စည်လိုင်း ၃၉၃၁ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသည့် ကုန်စည်စာရင်းအဖြစ် သတ်မှတ်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းတို့အရ တင်သွင်းခွင့်ပိတ်ပင်တားမြစ်ထားသည့် ကုန်စည်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ သီးခြား ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအရ တင်သွင်းခွင့်ပြုရန် သတ်မှတ်ထုတ်ပြန်ထားသည့် ကုန်စည်များနှင့် စပ်လျဉ်း၍လည်းကောင်း သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါ အမိန့်ကြေညာစာသည် လာမည့်ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ အကျုံးဝင်မည်ဖြစ်ပြီး အမိန့်ကြေညာစာ အမှတ် ၂၂/၂၀၁၉ ဖြင့်ထုတ်ပြန်ခဲ့သည့် လိုင်စင်လျှောက်ထားရယူရန်လိုအပ်သည့်စာရင်းတွင် မပါဝင်သည့်ကုန်စည် လိုင်းများသည် ယခုအမိန့်ကြေညာစာပါ 10 digit ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်းတွင် အကျုံးဝင်ပါက ယင်းကုန်စည်လိုင်းများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ယခုအမိန့်ကြေငြာစာထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၉၀ ပြည့်မြောက်သည့်နေ့တွင် သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

S-07