News

POST TYPE

NEWS

တရုတ်နိုင်ငံမှ မြို့တစ်မြို့တွင် ကိုဗစ်ရှိသူတစ်ဦး တွေ့ရှိပြီးနောက် တစ်မြို့လုံးကို စစ်ဆေး
26-Oct-2020


ဘေဂျင်း၊ အောက်တိုဘာ ၂၆ 

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ မြို့တစ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးတွေ့ရှိခဲ့ပြီးနောက် တစ်မြို့လုံးတွင်နေထိုင်သူအားလုံးကို ပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရှင်ကျန်းပြည်နယ် ကတ်စဂါမြို့တွင် လူပေါင်း ၄ ဒသမ ၇ သန်းခန့်ရှိပြီး ယခုအခါကျန်းမာရေး အာဏာပိုင်များက COVID-19 ကပ်ရောဂါ စမ်းသပ်စစ်ဆေးမှုများကို တစ်မြို့လုံး(တစ်ယောက်မကျန်) ပြုလုပ်လျက်ရှိသည်။ 

လက်ရှိအချိန်အထိ စမ်းသပ်စစ်ဆေးချက်များအရ လူပေါင်း ၁၃၈ ဦးမှာ ရောဂါလက္ခဏာမပြသော်လည်း ကူးစက်ခံထားရသည်ကိုတွေ့ရှိရသည်။ 

ကတ်စဂါမြို့တွင် စာသင်ကျောင်းများအားလုံးကို ပိတ်ထားပြီဖြစ်ပြီး ပြည်သူများအနေနှင့် ဓာတ်ခွဲစမ်းသပ်ရာ၌ နက်ဂတစ်အဖြေမထွက်သရွေ့ အပြင်မထွက်ကြရန်လည်း ညွှန်ကြားထားသည်။

ရှင်ကျန်းပြည်နယ် ရှူဖူကောင်တီရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဦးစွာ တွေ့ရှိခဲ့ပြီးနောက် ကျန်းမာရေးအာဏာပိုင်များက လူအမြောက်အမြားကို စစ်ဆေးနေခြင်းဖြစ်သည်။ 

ယင်းအမျိုးသမီးသည် ပိုးကူးစက်ခံခဲ့ရသော်လည်း ရောဂါလက္ခဏာမပြခဲ့ကြောင်း သိရသည်။ 

ကတ်စဂါမြို့တွင် စနေနေ့ညနေပိုင်းအထိ လူပေါင်းလူပေါင်း ၂ ဒသမ ၈ သန်းအထိ စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ နောင်နှစ်ရက်လောက်တွင် တစ်မြို့လုံးကို စစ်ဆေးမှုပြီးစီးမည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။ 

ရှင်ကျန်းပြည်နယ်သည် အူဂါမျိုးနွယ်မွတ်စလင်တို့နှင့်ပတ်သက်သည့် လူ့အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများစွာနှင့်ရင်ဆိုင်နေရသော ပြည်နယ်တစ်ခု ဖြစ်သည်။                   

F-01