News

POST TYPE

NEWS

သက်သာသည့်ဈေးနှုန်းဖြင့် သားငါးနှင့် ဟင်းသီးဟင်းရွက်များ လိုက်လံရောင်းချ
26-Oct-2020

ရန်ကုန်၊ အောက်တိုဘာ ၂၆  

မြောက်ဒဂုံ မဟာမြိုင်အိမ်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ကုန်သည်စက်မှုအသင်းချုပ် တို့ပူးပေါင်း၍ မြို့နယ်တွင်းသက်သာသည့် ဈေးနှုန်းဖြင့် သားငါးနှင့် ဟင်းသီးဟင်းရွက်များ လိုက်လံရောင်းချပေးလျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

သားငါးနှင့် ဟင်းသီးဟင်းရွက်များ လိုက်လံရောင်းချခြင်းကို အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ရောင်းချပေးခြင်းဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကုန်သည်စက်မှုအသင်းချုပ်တို့မှကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများက မြို့နယ်ရပ်ကွက်များအရောက် လှည့်လည်ရောင်းချပေးခြင်း ဖြစ်သည်။

ယင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုအရ မိမိတို့ နေအိမ်မှကွာဝေးသည့် ဈေးများသို့ သွားရောက်ဝယ်ယူခြင်းမပြုသည့်အတွက် ကူးစက်ရောဂါပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သည့် သားငါးစားသောက်ကုန်များကို မိမိတို့ ရပ်ကွက်တွင်းတွင် ဝယ်ယူရရှိနိုင်စေရေးကို ရည်ရွယ်၍ လိုက်လံရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်လီရောင်းချပေးသည့် စားသောက်ကုန်များမှာ ကြက်သား (CP)၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုပ်ပိုးပြီး ရေချို/ရေငန်ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်မျိုးစုံများဖြစ်ပြီး သက်သာသည့်ဈေးနှုန်းများဖြင့် နေ့စဉ်ဈေးကားနှင့် လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကာ လူတန်းစားမရွေးဝယ်ယူနိုင်မည့် အလေးချိန်အရွယ်အစားများကို သက်သာသည့်ဈေးနှုန်းများဖြင့် လက်လီရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်း အသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် နေ့စဉ်ရောင်းချသွားမည့် အစီအစဉ်များကို ကုန်စည်စက်မှုအသင်းချုပ်၏ Facebook Page မှလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးများမှလည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှ အများပြည်သူ သိရှိစေရန် ကြေညာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။       

S-07