News

POST TYPE

NEWS

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးရန် ကြိုတင်စာရင်းပေးသွင်းနိုင်
26-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၆

ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနေဖြင့် COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးရန် Call Center နံပါတ် '2019' သို့ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် လျင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေးတို့အတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးရာတွင် လွယ်ကူအဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်ရန် Call Center ဖွင့်လှစ်ထားရှိထားကာ ကြိုတင်စာရင်းပေးသွင်းနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် ရန်ကုန်မြို့သို့ မထွက်ခွာမီနှင့် ရန်ကုန်မြို့သို့ မဝင်ရောက်မီ တစ်ရက်ကြိုတင်၍ Call Center သို့ ဖုန်းဖြင့် ဆက်သွယ်ကာ ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့ဝင် ပေါက်၊ ထွက်ပေါက်ဂိတ်များသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အလွယ်တကူ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်စာရင်းပေးသွင်းနိုင်ရန် Call Center ဖုန်းနံပါတ် '2019' သို့ ခေါ်ဆိုပြီး လိုင်းခွဲ ၃ ကို နှိပ်ရမည်ဖြစ်ကာ ဆေးစစ်မှုခံယူမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးအချက် အလက်များဖြစ်သည့် အမည်၊ အသက်၊ ကျား။မ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ (လက်ရှိနေထိုင်သောလိပ်စာနှင့် အမြဲတမ်းနေထိုင်ရာလိပ်စာ)၊ ကားလိုင်စင်၊ ရန်ကုန်သို့ အဝင် သို့မဟုတ် အထွက် စသည်တို့ကို ပြည့်စုံစွာပေးပြီး ကြိုတင်စာရင်းပေးသွင်း (Booking) နိုင်မည်ဖြစ်သည်။ 

အဆိုပါ Call Center ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်ချက်အရ ကုန်သည်စက်မှုအသင်းချုပ်၏ စီမံပံ့ပိုးမှုဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်းသိရသည်။      

S-07