News

POST TYPE

NEWS

ဘူးသီးတောင်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေး ၂ ဦးသေဆုံးမှုကို စုံစမ်းစစ်ဆေးသွားမည်ဟု တပ်မတော်ဆို
24-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေး ၂ ဦး သေဆုံးခဲ့မှုအပေါ် စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်နှင့် AA ပစ်ခတ်မှုများအကြား ကလေးငယ် ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ကာ ယင်းသေဆုံးမှုအပေါ် ကုလသမဂ္ဂစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (UNCTFMR) အဖွဲ့က စိုးရိမ်ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ့ UNCTFMR အဖွဲ့သည် အရွယ်မရောက်သေးသည့် ကလေးငယ်များနှင့် အမျိုးသမီးများ ပဋိပက္ခများအတွင်း ကာကွယ်တားဆီးရေး ဆောင် ရွက်သည့် အဖွဲ့လည်းဖြစ်သည်။

အဆိုပါ ကလေးငယ် ၂ ဦးသေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ UNCTFMR အဖွဲ့က သတင်းမထုတ်ပြန်မီကပင် တပ်မတော်အနေနှင့် ကနဦး စိစစ်တင်ပြချက်အပေါ် ဖြစ်စဉ်မှန်ကန်တိကျမှု ရှိ/မရှိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အသေးစိတ်စုံစမ်းစစ်ဆေးဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍လည်း စစ်ဆေးတွေ့ရှိချက်များကို တပ်မတော်က သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်သားများအနေနှင့် ကလေးသူငယ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု မရှိစေရေးအတွက် ကလေးသူငယ်အခွင့်အရေး ဥပဒေပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ဖောက်ဖျက်ကျူးလွန်မှုမရှိစေရေးအတွက်လည်း ကွပ်ကဲမှုအလိုက် ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။          

S-04