News

POST TYPE

NEWS

ပဲခူးမြို့ရှိ Quarantine စခန်းများ၌ ကန့်သတ်စောင့်ကြည့်ခံထားရသူများကို အခမဲ့ကျွေးမွေးမှုရပ်ဆိုင်း
24-Oct-2020


တောင်ငူ၊ အောက်တိုဘာ၂၄

ပဲခူးမြို့နယ်တွင်းရှိ FQ စခန်းများ၌ အသွားအလာကန့်သတ်ခံထားရသူများကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုအဖွဲ့က အစား‌အသောက်များ အခမဲ့ကျွေးမွေးနေမှုများကို ယနေ့ (အောက်တိုဘာ ၂၅ ) မှစ၍ ရပ်ဆိုင်းလိုက်သည်ဟု အဆိုပါ‌အဖွဲ့ခေါင်းဆောင် ဦးကိုနိုင်က ပြောကြားသည်။

“အခုက အစိုးရအထောက်အပံ့လည်း မရတာကြာပြီ။ ကူညီပေးနေသူတွေလည်း လက်ပန်းကျလာလို့ မရပ်ချင်ဘဲရပ်ရတာ။ တစ်မျိုးတွေးထားတာကတော့ လုံးဝကိုခက်ခဲတဲ့ Quarantine သမားတွေကိုတော့ ငွေကြေးထောက်ပံ့ဖို့အထိတော့ တွေးထားပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပဲခူးမြို့ရှိ FQ စခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အသွားအလာကန့်သတ်ခံထားရသူများကို ပဲခူးတိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မတ်လ  ၂၅ ရက်နေ့မှစတင်ကာ နံနက်စာ၊ နေ့လယ်စာနှင့် ညစာအခမဲ့ကျွေးမွေးခဲ့သော်လည်း နောက်ပိုင်းတွင် ရန်ပုံငွေအခက်အခဲကြောင့် ရပ်နားလိုက်ရခြင်းဖြစ်သည်ဟု Anti Covid-19 Bago အဖွဲ့မှ ဦးကျော်မျိုးဦးက ပြောကြားသည်။

“အဲဒီကတည်းက မြို့မိမြို့ဖ‌တွေ၊ အလှူရှင်တွေ ရုန်းကန်လာခဲ့ရတာ။ အခုက ဘယ်လိုမှမတတ်နိုင်တော့လို့။ စခန်းသုံးခုမှာ လူသုံးရာကျော် ရှိနေတာဆိုတော့ တစ်ရက်ကို သိန်းဆယ်ဂဏန်းနားကပ်တယ်။ ရေသန့်ဖိုးတင် တစ်ရက်သုံးသိန်း နီးပါးရှိတယ်”ဟု ၎င်းကရှင်းပြသည်။

လက်ရှိအချိန်၌ ပဲခူးမြို့နယ်တွင် Covid-19 ပိုးတွေ့လူနာ မြင့်တက်‌နေသည့်အပြင် အကြောင်းအမျိုးမျိုးနှင့် ပြန်လည်ဝင်ရောက်လာသူများကို ပဲခူး မြို့နယ် အသောကဘုန်းတော်ကြီးကျောင်း FQ ၊ ပဲခူးတက္ကသိုလ် FQ ၊ ပဲခူးအထက-၇ FQ နှင့် အထက-၅ FQ စခန်းများတွင် ထားရှိသည်ဟု အရပ်ဘက်အဖွဲ့အစည်း အချို့ထံမှသိရသည်။

ယင်းကဲ့သို့အသွားအလာကန့်သတ်ခံထားရသူများကို ရန်ပုံငွေအခက်အခဲကြောင့် အခမဲ့ကျွေးမွေးနေမှုကို ရပ်ဆိုင်းမည်ဖြစ်သော်လည်း ပရဟိတအဖွဲ့များဖြင့် တန်ဖိုးနည်းအစားအသောက်များကို တစ်နပ်လျှင် ကျပ်တစ်ထောင်အောက် လျှော့နည်းသည့်အနေအထားဖြင့် ရောင်းချပေးရန် ပြင်ဆင်နေသည်ဟု ပဲခူးမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအထောက် အကူပြုအဖွဲ့ထံမှလည်း သိရသည်။

ပဲခူးတိုင်းအတွင်း မြို့နယ်အလိုက် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီများကို တိုင်းအစိုးရအဖွဲ့က ငွေကြေးထောက်ပံ့မှုများ ရပ်နားထားသည်ဟု ဆိုသော်လည်း အခက်အခဲရှိနေသည့်မြို့နယ်များကို ပြန်လည်တင်ပြခိုင်းထားသည့်အတွက်‌ နောက်ပိုင်းတွင် အတိုင်းအတာတစ်ခုအထိ ပြန်လည်ထောက်ပံ့နိုင်မည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။  

R-02