News

POST TYPE

NEWS

အမြန်လမ်း သီးကုန်းတိုးဂိတ်တွင် ခိုးဝင်တရုတ်နိုင်ငံသားခုနစ်ဦးဖမ်းမိ
23-Oct-2020


မိတ္ထီလာ၊ အောက်တိုဘာ ၂၃           

မန္တလေးတိုင်း မိတ္ထီလာမြို့ကို ဖြတ်သန်းသွာသော သီးကုန်းတိုးဂိတ်တွင် အောက်တိုဘာ ၂၂ ရက်နေ့က ခြောက်ဘီးကားတစ်စီးဖြင့် လိုက်ပါလာသော အထောက်အထားမဲ့တရုတ်နိုင်ငံသား ခုနစ်ဦးနှင့်အတူ ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သီးကုန်းအမြန်လမ်းရဲစခန်းမှ ဒုရဲမှူးကိုကိုမောင်က အတည်ပြုပြောကြားသည်။                                      

''ဒီမှာက စစ်ဆေးတဲ့ကိစ္စတွေ ကျွန်တော်တို့ လုပ်နေတယ်။ မနေ့ကမနက်အစောပိုင်းပေါ့။ ခြောက်ဘီးကားတစ်စီး ရောက်လာတယ်။ ကုန်မပါဘူးဆိုတော့ ကားကိုရပ်ခိုင်းပြီးစစ်လိုက်တော့ အမိုးနှစ်ထပ်နဲ့ ထပ်ခိုးပုံစံကြားထဲမှာ တရုတ်နိုင်ငံသားတွေတွေ့တယ်''ဟု ၎င်းကရှင်းပြသည်။                                            

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၂နာရီခွဲ အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း၂၈၅  မိုင် သီးကုန်းတိုးဂိတ်တွင် သီးကုန်းရဲစခန်းမှ  ဒုရဲမှူး ကိုကိုမောင် ဦးဆောင်သောတပ်ဖွဲ့ဝင်များနှင့် အလည်ရွာစခန်းမှ ရဲအုပ်စောရွှေမောင်ဦးဆောင်သော တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် ကုန်တင်ယာဉ်များနှင့်ခရီးသည်တင်ယာဉ်များကိုစစ်ဆေးနေစဉ် တောင်ငူမှ မန္တလေးဘက်သို့ ပြည်ကြီးတံခွန်မြို့နေ ယာဉ်မောင်း ကိုသက်ဆွေ ၃၅ နှစ်မောင်းနှင်ပြီး ထန်းတစ်ပင်မြို့နေ ယာဉ်နောက်လိုက် ဝင်းစိုးဦး ၂၂ နှစ် လိုက်ပါလာသော ခြောက်ဘီးယာဉ်ပေါ်မှ အထောက်အထားမဲ့တရုတ်နိုင်ငံသား ခြောက်ဦးနှင့် အမျိုသမီးတစ်ဦး စုစုပေါင်းခုနစ်ဦးကို စစ်ဆေးတွေ့ရှိသဖြင့် သီးကုန်းအမြန်လမ်း ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊အဆိုပါအမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံသား ခုနစ်ဦးကို အရေးယူပေးရန် မိတ္ထီလာမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနမှ ဒုလဝကမှူး ဦးထွန်းသူရနိုင်၏ တိုင်ကြားချက်အရ သီးကုန်းအမြန်လမ်းရဲစခန်းက (ပ) ၂၁၈ /၂၀၂၀ လူဝင်မှုကြီးကြပ်ရေးလတ်တလောပြဌာန်းချက်ဥပဒေ ပုဒ်မ ၁၃(၁)၊အခကြေးငွေ ရယူပို့ဆောင်ပေးသူ ယာဉ်မောင်း သက်ဆွေနှင့် ယာဉ်နောက်လိုက် ဝင်းစိုးဦးတို့ကို (ပ)၂၁၉/၂၀၂၀ လူဝင်မှုကြီးကြပ်ရေးလတ်တလောပြဌာန်းချက်ဥပဒေ ပုဒ်မ ၁၃(၅) ရာဇသတ်ကြီးပုဒ်မ (၃၆၇) တို့ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးချက်ရှိကြောင်း မှုခင်းမှတ်တမ်းအရ သိရှိရသည်။                                           

သီးကုန်းတိုးဂိတ်တွင် ကိုဗစ်- ၁၉ ရောဂါ အရေးပေါ် ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီအဖွဲ့မှတာဝန်ရှိသူများက ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ၌ လိုက်ပါလာကြသူများကို ကျန်းမာရေးထောက်ခံစာယူဆောင်လာခြင်းရှိမရှိနှင့် လုံခြုံရေးဆိုင်ရာကိစ္စများကို ၂၄ နာရီ ပတ်လုံး စစ်ဆေးနေခြင်းဖြစ်သည်။                                                                                          ဓာတ်ပုံ- ရဲတပ်ဖွဲ့