News

POST TYPE

NEWS

ဆန္ဒပြပွဲများပိတ်ပင်သည့် အရေးပေါ်အမိန့်ကို ထိုင်းစစ်ခေါင်းဆောင်ရုပ်သိမ်း၊ ဆန္ဒပြသူများက သုံးရက်အတွင်း ၎င်းရာထူးမှနုတ်ထွက်ပေးရန်တောင်းဆို
22-Oct-2020


ဘန်ကောက်၊ အောက်တိုဘာ ၂၂

ထိုင်းလူငယ်များဦးဆောင်သည့် အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆန္ဒပြပွဲများရပ်တန့်သွားရေးအတွက် ပြီးခဲ့သည့် သီတင်းပတ်က သတ်မှတ်ပြဋ္ဌာန်းခဲ့သော အရေးပေါ်အမိန့်ထုတ်ပြန်ချက်ကို ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်နှင့် လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ပရာရွတ်ချန်အိုချာက ရုပ်သိမ်းဖယ်ရှားကြောင်း ထုတ်ပြန်ကြေညာသည်။

သို့သော် ဆန္ဒပြအင်အားစုများက ဝန်ကြီးချုပ်ပရာရွတ်အစိုးရနှင့် ထိုင်းနိုင်ငံ၏ လက်ရှိဘုရင်အပါအဝင် စည်းမျဉ်းခံဘုရင်စနစ်ကို ပိုမိုကြီးမားသည့် ဆန္ဒပြမှုများဖြင့် စိန်ခေါ်နေရုံမျှမက ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ကို ဝန်ကြီးချုပ်ရာထူးမှ သုံးရက်အတွင်း နုတ်ထွက်ပေးရန် ဖိအားပေးတောင်းဆိုလျက်ရှိသည်။

ဆန္ဒပြမှုများအား ပိတ်ပင်သည့်အရေးပေါ်အမိန့်ကို ရုပ်သိမ်းကြောင်း ဝန်ကြီးချုပ်ပရာရွတ်က ရုပ်သံမှတစ်ဆင့် ပြောဆိုနေချိန်တွင် ဆန္ဒပြသူထောင်ပေါင်းများစွာက ဘန်ကောက်ရှိ ၎င်း၏ ဝန်ကြီးချုပ်ရုံးရှိရာသို့ ချီတက်လျက်ရှိခဲ့သည်။

ဆန္ဒပြအင်အားစုများက ယခုလို ကန့်သတ်ချက်များ၊ အရေးပေါ်အမိန့်များဖယ်ရှားပေးရုံမျှဖြင့် လုံလောက်မည်မဟုတ်ကြောင်းပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဝန်ကြီးချုပ်ပရာရွတ်တို့အစိုးရက ထုတ်ပြန်ကြေညာခဲ့သည့် အဆိုပါအရေးပေါ်အမိန့်က ရက်ပိုင်းအတွင်း ပိုမိုအင်အားကြီးမားသော ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။

ဆန္ဒပြမှုများကို ငြိမ်းချမ်းသည့်အသွင်ဖြင့်ပြုလုပ်ခဲ့သော်လည်း ထိုင်းရဲတပ်ဖွဲ့က ပြည်ပမှဝယ်ယူထားသည့် အဓိကရုဏ်းနှိမ်နင်းရေး မီးသတ်ကားများမှတစ်ဆင့် မီးသတ်ပိုက်များဖြင့်ထိုးကာ လူစုခွဲခဲ့ကြသည်။

“ကျွန်တော်ပထမဆုံးလုပ်မှာက လတ်တလောအခြေအနေတွေလျော့ကျသွားဖို့ပါ။ ဘန်ကောက်မှာ ပြဋ္ဌာန်းထားတဲ့ အရေးပေါ်အခြေအနေအမိန့်တွေကို ဖယ်ရှားဖို့လုပ်နေပါတယ်။ တကယ်လို့ အကြမ်းဖက်တာမျိုးတွေမရှိဘူးဆိုရင် ပြဋ္ဌာန်းချက်တွေအားလုံးကို ချက်ချင်းဖယ်ရှားပစ်မှာပါ” ဟု ဝန်ကြီးချုပ်ပရာရွတ်က ဆိုသည်။

ယင်းအရေးပေါ်အခြေအနေအမိန့်တွင် လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော လူစုလူဝေးများမပြုလုပ်ရေးနှင့် လုံခြုံရေးကိုထိပါးစေမည့် သတင်းအချက်အလက်မှားများ ရေးသားဖြန့်ဝေ/ထုတ်လွှင့်မှုမပြုလုပ်ရေးတို့ပါဝင်သည်။

ထိုင်းဆန္ဒပြအင်အားစုများကမူ ပရာရွတ်သည် ၂၀၁၄ ခုနှစ်က ၎င်းဦးစီးခဲ့သော စစ်အာဏာသိမ်းမှုမှရရှိလိုက်သည့် နိုင်ငံအာဏာကို ဆက်လက်စွဲကိုင်ထားနိုင်ရေးအတွက် ရွေးကောက်ပွဲတစ်ရပ်ကို အတုအယောင်သဘောဖြင့် ယမန်နှစ်က ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။

ထို့ပြင် ပရာရွတ်အနေနှင့် သုံးရက်အတွင်း ရာထူးမှ နုတ်ထွက်ပေးရန်လည်း တောင်းဆိုထားသည်။ ဆန္ဒပြသူများ၏ တောင်းဆိုမှုများတွင် အခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲရေးနှင့် စစ်အာဏာကြီးစိုးမှုများကိုဖြစ်ထွန်းစေခဲ့သည့် ထိုင်းနိုင်ငံ၏ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲပေးရေးတို့ပါဝင်သည်။