News

POST TYPE

NEWS

ဒလမြို့နယ်ရှိ အခြေခံအိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များလှူဒါန်း
21-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၁

ကိုဗစ်-၁၉ ကာလအတွင်း ဒလမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အထောက်အကူဖြစ်စေရန် ဒလမြို့နယ်ရှိအိမ်ထောင်စုများနှင့် ဌာနဆိုင်ရာများအတွက် ငွေကျပ်သိန်းပေါင်း ၃၀၀ ကျော် တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အစ္စလာမ့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (မြန်မာ)က လှုဒါန်းခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများဖြစ်သည့် ဒလမြို့နယ်ရှိ သမ္မတကမ်းခြေရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်၊ အံ့ကြီး အနောက်ရပ်ကွက်၊ ၅ နံပါတ်ဂိတ်နှင့် ၉ နံပါတ်ဂိတ်ရပ်ကွက်တို့မှ အိမ်ထောင်စု ၁၆၀၀ ကို အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်နှစ်သောင်းနှုန်း တန်ဖိုးရှိဆန် ၆ ပြည်၊ ကြက်သား ၂၅ ကျပ်သား ၁ ထုတ်၊ ဆီတစ်လီတာ ၂ ဘူး၊ ကုလားပဲ ၂၅ ကျပ်သား၊ ကြက်ဥ ၂ ကတ်၊ ကြက်သွန်နီ ၁ ပိဿာ၊ အာလူး ၁ ပိဿာ၊ ငါးသေတ္တာ ၁ ဘူးနှင့် အချိုရည် ၂ ဘူးစီကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း အစ္စလာမ့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (မြန်မာ) ထံမှ သိရသည်။

"Stay at Home ကာလအတွင်း အလုပ်လုပ်ကိုင်ဖို့ အခွင့်အလမ်းနည်းတဲ့သူတွေရဲ့ စားသောက်ရေးတွေကိုလည်း လုပ်ငန်းရှင်တွေ အလှူရှင်တွေနဲ့ညှိနှိုင်းပြီး တတ်နိုင်သမျှ ပံပိုးဆောင်ရွက်ပေးနေပါတယ်'' ဟု ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ပြောဆိုသည်။

ထို့ပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ စသည့်ဌာနတခုချင်းစီအတွက် အခြေခံစားသောက်ကုန် ၈ မျိုး ဖြစ်သည့် ဆန် ၆ ပြည်အိတ် ၁၀ အိတ်၊ ဆီတစ်လီတာ ၂၀ ဘူး၊ အချိုရည် ၁၀ ဘူး၊ကုလားပဲ ၂ ပိဿာ ၅၀ ကျပ်သား၊ ကြက်ဥ ၂၀၀ လုံး၊ ကြက်သွန်နီ ၁၀ ပိဿာ၊ အာလူး ၁၀ ပိဿာနှင့် ငါးသေတ္တာ ၁၀ ဘူးစီအပြင် Save လူမှုကူညီရေးအသင်းနှင့် ဂရုဏာရှင်လူမှုကူညီရေးအသင်းတို့ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

J-03