News

POST TYPE

NEWS

ပုပ္ပါးတောင်ကလပ်မှမျောက်များ မိုင် ၃၀ ခန့်အကွာအထိ အစာရှာထွက်နေသည်ဆိုသောသတင်း မမှန်ဟုဆို
20-Oct-2020

ချောက်၊ အောက်တိုဘာ ၂၀ 

ပုပ္ပားတောင်ကလပ်မှမျောက်များ မိုင် ၃၀ ခန့်အကွာအထိ အစာရှာထွက်နေရသည်ဆိုသောသတင်းမှာ သတင်းမှားသာဖြစ်ပြီး တောင်ပတ်ဝန်းကျင်မှ သုံးမိုင်အတွင်းပင်သွားလာမှုမရှိဟု တောင်ကလပ်ကျေးရွာ ရွာခွဲတာဝန်ခံအုပ်ချုပ်ရေးမှူး ဦးတင်လှက ပြောဆိုသည်။

"မျောက်စာလည်း တစ်ကယ်တန်းတော့ ပေါပေါများများကျွေးရပါတယ်။ ရွာသူရွာသားတွေလည်း တတ်နိုင်သရွေ့ထွက်ပြီးကျွေးကြတယ်။ အသင်းသူအသင်းသားတွေကလည်း လက်သင့်သလိုကျွေးတယ်။ မျောက်စာအတွက် ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ရွာက မျောက်စာကျွေးတာ အဓိကမဟုတ်ဘူး။ ရွာသူရွာသားတွေ ကိုဗစ်ရောဂါမကူးအောင်လုပ်တာပဲရှိတယ်" ဟု၎င်းကရှင်းပြသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်ပေါ်ရှိမျောက်များအတွက် မျောက်စာလာကျွေးသော ကုသိုလ်ရှင်များနှင့် ကန်တော့ပွဲလာပေးသော ကုသိုလ်ရှင်များကို ဝင်ရောက်ခွင့်မပြုခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက်ဖြစ်သည်ဟု ပုပ္ပားတောင်ကလပ်ကျေးရွာရှိ ကုမာရာရာမတိုက်နှင့် ရေနံ့သာတောရပရိယတ္တိစာသင်တိုက်၊ သီလတောင်မဟာကဿပလိုဏ်ဂူ၊ ဇီဝိတဒါနဆေးရုံတို့၏ဦးစီးပဓာနဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိကလည်းမိန့်ဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရက တန်ခိုးကြီးဘုရား၊စေတီပုထိုးများအတွင်း ဝင်ဖူးမြော်ခွင့်ပိတ်ပင်ထားရာမြန်မာနိုင်ငံ၏ အထင်ကရနေတစ်ခုဖြစ်သည့် ပုပ္ပားတောင်ကလပ်လည်း ပါဝင်ခဲ့သည်။



ပုပ္ပားတောင်ကလပ်တောင်တော်သို့သွားမည်ဆိုပါက တောင်ကလပ်ကျေးရွာကို ဖြတ်သန်းရမည်ဖြစ်ပြီး တစ်ဖက်ပိတ်လမ်းဖြစ်၍ ပြင်ပမှလာရောက်သူများထံမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စစ်ဆေးရေးဂိတ်နှစ်ခုထားရှိသည်။

ယင်းစစ်ဆေးရေးဂိတ်များအနေနှင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်၊ပုပ္ပားတောင်ကလပ်ကျေးရွာရှိ ဆရာတော်ကြီးများ၏ဩဝါဒကိုလိုက်နာပြီး ကျေးရွာအတွင်းရှိ ပရဟိတသုံးဖွဲ့နှင့် ကျေးရွာသူ၊ကျေးရွာသားများက ရောဂါကူးစက်မှုမပြန့်ပွားလာစေရန် စစ်ဆေးနေသည့်အတွက် ပုပ္ပားတောင်ကလပ်တောင်တော်နှင့် ကျေးရွာဒေသခံများ ယခုအချိန်အထိ ကိုဗစ်-၁၉ ရောဂါကင်းစင်‌ရာဒေသတစ်ခုဖြစ်နေသည်ဟု ဆရာတော်က ထပ်မံမိန့်ဆိုသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားချိန်ကာလအတွင်း ပုပ္ပားတောင်ကလပ်တွင် အမှီပြုနေထိုင်သော မျောက်အကောင်သုံးထောင်ခန့်အား ကျေးရွာရှိ ဂရုဏာရှင်ပရဟိတ၊ သာသနာ့ပါလဘုံစွမ်းလောင်းအသင်း၊ ငြိမ်းချမ်းရေပရဟိတ အမှိုက်ကောက်အဖွဲ့နှင့်ကျေးရွာဒေသခံများ၊ဆရာတော်၊ သံဃာတော်များက မျောက်စာကျွေးလျက်ရှိသည်။

ထို့အပြင် နယ်အရပ်ရပ်မှအလှူရှင်များ လှူဒါန်းသော အလှူငွေ၊အစားအစာများကို ပရဟိတအဖွဲ့များကတာဝန်ယူကာ ဂိုထောင်တစ်ခုဖြင့် သိမ်းဆည်းကာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် လုံလောက်စွာ ကျွေးမွေးလျက်ရှိကြောင်း၊ မျောက်များကိုကျွေးမွေးသည့် မှတ်တမ်းဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာတင်ခြင်းနှင့် မျောက်စာကျွေးသည့် အလှူရှင်များထံ မှတ်တမ်းဓာတ်ပုံများပေးပို့ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်ဟု ဂရုဏာရှင်လူမှုကူညီရေးအသင်းမှ မသင်းသင်းလဲ့က ပြောဆိုသည်။

"သူ (မျောက်)တို့အတွက် အစ်မတို့မှာ အများကြီး တာဝန်ယူရတယ်‌။ တာဝန်ယူရတယ်ဆိုတာ ခုအချိန်မှာ ကို‌ဗစ်ဖြစ်နေတဲ့အချိန်မလို့ အစ်မတို့ကတာဝန်ယူပြီးတော့ တာဝန်လည်းကြီးလို့ ရောဂါကိုလည်းကာကွယ်တဲ့အနေနဲ့ အစ်မတို့က တာဝန်ယူပြီးတော့ စနစ်တကျကျွေးပေးတာ" ဟု ၎င်းကရှင်းပြသည်။

ထို့ကဲ့ဆောင်ရွက်နေချိန်တွင် ပြည်တွင်းရုပ်သံတစ်မှ မျောက်စာလာကျွေးသည့်အဖွဲ့အား ကျေးရွာဒေသခံများက ဝင်ခွင့်မပြုခြင်းအပေါ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ရပ်မိရပ်ဖများအား ရုံးသို့ဆင့်ခေါပြီး ဂိတ်ကိုဖွင့်ခိုင်းခဲ့ကြောင်း၊ ထိုသို့ဖွင့်ခိုင်းသည့်အတွက် တောင်ကလပ်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှလူပုဂ္ဂိုလ်များ လာရောက်နေပြီဖြစ်၍ ဆရာတော်၊သံဃာတော်များနှင့် ဒေသခံများက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်းနေကြသည်ဟု ပုပ္ပားတောင်ကလပ်ကျေးရွာရှိ ကုမာရာ ရာမကျောင်းမှ ကျောင်းထိုင်ဆရာတော်က မိန့်ဆိုသည်။

ပုပ္ပားတောင်ကလပ်ဂေါပကအဖွဲ့ကလည်း မျောက်များကို အစာကျွေးမွေးလျက်ရှိသည်။

R-11