News

POST TYPE

NEWS

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးရန် ကြိုတင်စာရင်းပေးသွင်းနိုင်
18-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၁၈

ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအနေဖြင့် COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးရန် Call Center နံပါတ် “2019” သို့ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် လျင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေးတို့အတွက် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးရာတွင် လွယ်ကူအဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်ရန် Call Center ဖွင့်လှစ်ထားရှိထားကာ ကြိုတင်စာရင်းပေးသွင်းနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

ကုန်တင်ယာဉ် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များသည် ရန်ကုန်မြို့သို့မထွက်ခွာမီနှင့် ရန်ကုန်မြို့သို့ မဝင်ရောက်မီ တစ်ရက်ကြိုတင်၍ Call Center သို့ ဖုန်းဖြင့်ဆက်သွယ်ကာကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များသို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အလွယ်တကူ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်စာရင်းပေးသွင်းနိုင်ရန် Call Center ဖုန်းနံပါတ် “2019” သို့ ခေါ်ဆိုပြီး လိုင်းခွဲ ၃ ကို နှိပ်ရမည်ဖြစ်ကာ ဆေးစစ်မှုခံယူမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ အသက်၊ကျား/မ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ (လက်ရှိနေထိုင်သောလိပ်စာနှင့် အမြဲတမ်းနေထိုင်ရာလိပ်စာ)၊ ကားလိုင်စင်၊ ရန်ကုန်သို့အဝင် သို့မဟုတ် အထွက် စသည်တို့ကို ပြည့်စုံစွာပေးပြီး ကြိုတင်စာရင်းပေးသွင်း (Booking) နိုင်မည်ဖြစ်သည်။ 

အဆိုပါ Call Center ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်ချက်အရ ကုန်သည်စက်မှုအသင်းချုပ်၏ စီမံပံ့ပိုးမှုဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

S-07