News

POST TYPE

NEWS

Project K အဖွဲ့ကို ဆန္ဒပြသည့်အဖွဲ့မှ ခုနှစ်ဦး အမှုဖွင့်ခံရ
16-Oct-2020

ရန်ကုန်၊ အောက်တိုဘာ ၁၆

မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သော Asia Song Festival-2020 အခမ်းအနားသို့ သွားရောက်ဖျော်ဖြေခဲ့သည့် Project K အဖွဲ့ ပြန်လာစဉ် ဆန္ဒပြခဲ့သည့်အဖွဲ့မှ ဦးဆောင်သူ ခုနှစ်ဦးကို ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါ ဆန္ဒုပြရာတွင် လူအင်အား တစ်ရာကျော်ဦးရေခန့်ပါဝင်ခဲ့ပြီး ဦးဆောင်သူ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဗဟို အလုပ်အမှုဆောင် ဦးပညာဝံသ အပါအဝင် ခုနှစ်ဦးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် စုဝေးခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ဆန္ဒပြခဲ့သည့်အဖွဲ့မှာ အောက်တိုဘာ ၁၃ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Teminal 1 အနီး၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်အနီးလမ်းဆုံတို့တွင် တောင်ကိုးရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သော Asia Song Festival- 2020 အခမ်းအနားသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကပြဖျော်ဖြေခဲ့သော Project K အဖွဲ့ ပြန်လာစဉ် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့သည်။
ယင်းဆန္ဒပြပွဲကို ဦးဆောင်ခဲ့သော မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ဦးပညာဝံသ၊ ဦးနောင်တော်လေး(ခ)နိုင်ထွန်းဝင်း၊ ဦးဇော်ဝင်း၊ ဦးထွန်းကျော်၊ ဒေါ်အေးအေးနု၊ ဦးမုတ်ဆိတ်(ခ) ထွန်းထွန်းဦးး ၊ ဦးမြင့်စန်းတို့အား သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ ဆန္ဒပြသဖြင့် ရဲစခန်းသို့ လာရောက်ဖြေရှင်းရန် အောက်တိုဘာ ၁၅ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

" Project K အဖွဲ့က ရွှေတိဂုံဘုရား ပုံတော်ကို LED မီးနဲ့ ကြမ်းပြင်မှာ ထိုးပြီး ချနင်းကပြခဲ့တယ်။ ဒါဟာ ဗုဒ်ဓဘာသာကျို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ စော်ကားတာ နှိမ့်ချတာ ဖျက်ဆီးတာ။ ဒါကြောင့် သူတို့ပြန်လာမယ့်အချိန်ကိုစောင့်ပြီး ဆန္ဒပြခဲ့တာ။ ဒါကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်ခံရတယ်။ ဦးဇင်းတို့လုပ်ဆောင်ချက်က မှန်ပေမယ့် တစ်ကယ်တမ်းကျတော့ ဘုရားပုံရိပ်ကို ချနင်းတဲ့အဖွဲ့ကျ အမှုဖွင့်ခြင်း မခံရဘူး။ အခုလိုအမှုဖွင့် အရေးယူတာဟာ ဗုဒ္ဓဘာသာနဲ့ သာသနာတစ်ရပ်လုံးကို ခြိမ်းခြောက်လိုက်တာပဲ ဟု ဦးပညာဝံသက မီဒီယာများကို မိန့်ကြားခဲ့သည်။

Project K အဖွဲ့မှလည်း ၄င်းတို့၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှ တဆင့် " ဖြစ်စဉ်တစ်ခုလုံးသည် ပွဲစီစဉ်သူ များက မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံအများစုမှ ပိုမိုသိရှိစေရန် စေတနာဖြင့် ပံ့ပိုးခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့ အကအဖွဲ့နှင့် ပွဲစီစဉ်သူတွေကြား အပြန်အလှန်နားလည်မှု၊ နည်းပညာအသုံးချမှု အချိတ်အဆက်လွဲချော်ရာမှ ကြိုတင်ကြံစည်ခြင်းမရှိသည့် လွှဲမှားမှု ပေါ်ပေါက်ခဲ့ခြင်းကြောင်းရေးသားဖော်ပြထားသည်။

ယင်းအပြင် Project K အဖွဲ့မှ စိတ်နှလုံး မချမ်းမြေ့စွာခံစားရပါကြောင်းနှင့် ကျွန်တော်တို့သည် မြန်မာနိုင်ငံသားအများစုက သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာ အပေါ်တွင်လည်းကောင်း၊ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့် သာသနိက အဆောက်အအုံ ဘုရားကျောင်းကန် စေတီပုထိုးများအပေါ်တွင်လည်းကောင်း အစဉ်ထာဝရ ဂါဝရထားလျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများ ဖြစ်ကြပါကြောင်း ၊ မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့် အမျိုးဘာသာသာသနာအပေါ်တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်းကို ဗုဒ္ဓဘာသာဝင် မိသားစုများမှ မွေးဖွားခဲ့သည့် ကျွန်တော်တို့ Project K အဖွဲ့အနေဖြင့် ရိုးသားစွာ လေးမြတ်ရိုကျိုးစွာဖြင့် ဂါရဝပြု တောင်းပန်အပ်ပါသည်" ဟု ရေးသားဖော်ပြထားသည်။

ယင်းဖြစ်စဉ်မှ ဦးပညာဝံသအပါအဝင် ခုနှစ်ဦးကို  မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ)၂၆၂/၂၀၂၀၊ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူထားပြီး ကိုယ်တိုင်ခံဝန်ဖြင့် မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ အောက်တိုဘာ ၁၉ ရက်နေ့၌ လာရောက်အမှုရင်ဆိုင်ရန် မှာကြားထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03