News

POST TYPE

NEWS

ချောက်မြို့ရှိ နိုင်ငံဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး ဗဟိုကော်မတီသို့ ငွေလှူ
15-Oct-2020


ချောက်၊ အောက်တိုဘာ ၁၅ 

ချောက်မြို့ အမှတ် ၂ ရေနံချက်စက်ရုံ၏ ကမ်းလင့်လက်များပရဟိတအဖွဲ့ကဦးဆောင်ကာ နိုင်ငံဝန်ထမ်းများထံမှ ကောက်ယူရရှိထားသည့် ငွေကျပ် ၂၂ သိန်းကို အမျိုးသားအဆင့် ကိုဗစ်-၁၉ကာကွယ်တိုက်ဖျက်ရေးကော်မတီသို့ လှူဒါန်းမည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများထံမှ တစ်ဦးလျှင် တစ်ထောင်ကျပ် ကောက်ယူသည့်ကမ်ပိန်းမှရရှိသော အလှူငွေ ကျပ် ၂၂ သိန်းကို အမျိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးကော်မတီထံလှူဒါန်းနိုင်ရန် အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ယင်းစက်ရုံအစည်းအဝေးခန်းမတွင် အလှူငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပခဲ့သည်ဟု ချောက်မြို့ အမှတ် ၂ ရေနံချက်စက်ရုံထံမှ သိရသည်။

ချောက်/လမ်းရွာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်လုပ်ငန်း ဒုတိယအ‌ထွေထွေမန်နေဂျာ ဦးမြတ်မင်းအောင်၊ အမှတ် ၂ ရေနံချက်စက်ရုံ စက်ရုံမှူး ဦးကြည်စိုးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးသက်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းတို့က နိုင်ငံဝန်ထမ်းများက စေတနာဖြင့်လှူဒါန်းသော အလှူငွေကျပ် ၂၂ သိန်းကို မကွေးတိုင်းလွတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းထံ လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။



"ဒီအစီစဉ်က ကျွန်တော်ကိုသင်ခဲ့တဲ့ ဆရာမတစ်ယောက်ရဲ့စိတ်ကူး။ သူက နည်းပညာတက္ကသိုလ်က ဆရာမတွေကိုလှုံ့ဆော်တာ။ အဲဒီအစီအစဉ်ကို သဘောကျတာပေါ့။ ကျွန်တော်တို့ ချောက်မြို့နယ်မှာရှိတဲ့ ဝန်ထမ်းအသိုင်းအဝိုင်းလဲ အဲဒီလိုလုပ်ရင်ကောင်းမယ်ပေါ့။ အကုန်လုံးကလည်း ဝိုင်းဝန်းပါဝင်ပေးမယ်ဆိုရင် ကောင်းမယ်ဆိုပြီး လိုင်းပေါ်တင်ခဲ့တာ" ဟု ချောက်မြို့ အမှတ် ၂ ရေနံချက်စက်ရုံဝန်ထမ်းများ၏ ကမ်းလင့်လက်များ ပရဟိတအသင်း အလုပ်အမှုဆောင် ဦးကျော်ဇင်လတ်က ရှင်းပြပြောဆိုသည်။

နိုင်ငံတော်အစိုးရမှ နိုင်ငံ့ဝန်ထမ်းများကို နှစ်လစာချေးငွေထုတ်‌ပေးချိန်တွင် ဘိုးလှကြီးအခြေခံအလုပ်သမားအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဌာနကိုယ်စားလှယ်များက ဝန်ထမ်းများထံမှ ကောက်ယူရရှိခဲ့သော အလှူငွေများဖြစ်ကြောင်း၊ ယင်းအလှူငွေများကို တိုင်းလွတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက အမျိုးသားအဆင့် ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးကော်မတီနှင့်ဆက်သွယ်ပြီး ဘဏ်အကောင့်တွင် ထည့်သွင်းလှူဒါန်းမည်ဟု ကမ်ပိန်းကော်မတီထံမှလည်း သိရသည်။

ချောက်မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အမှတ် ၂ ရေနံချက်စက်ရုံ၊ အမှတ် ၃၅ အကြီးစား ကြွေသီးစက်ရုံ၊ မြန်မာရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းဝယ်ရေးဌာန၊ အထက ၂ မှ ဆရာ၊ ဆရာမများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ခွဲရုံမိသားစု၊ ရေနံသယ်ပို့ဌာနခွဲ၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးဌာန၊ သမဦးစီးဌာန၊ စာတိုက်စသည်တို့မှ ဝန်ထမ်းများနှင့် ရွှေပါရမီကျန်းမာရေးဆေးခန်းတို့ တစ်ထောင်ကျပ်ကမ်းပိန်းတွင် ပါဝင်ခဲ့ကြသည်။

R-11