News

POST TYPE

NEWS

အောက်ဆီဂျင်ပေးလိုက်ရသော သမ္မတထရမ့်၏ အဆုတ်အခြေအနေကို ဆရာဝန်များအနီးကပ်စောင့်ကြည့်
05-Oct-2020


ဓာတ်ပုံ- ထရမ့်ကို ကြပ်မတ်ကုသ ပေးနေသည့် ဒေါက်တာရှောင်ကွန်လေနှင့် ဆရာဝန်များအဖွဲ့ကို သတင်းစာရှင်းလင်းပွဲတွင်တွေ့မြင်ရစဉ်။

ဝါရှင်တန်၊ အောက်တိုဘာ ၅

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသောကြောင့် ဝါရှင်တန်ဒီစီရှိ စစ်ဆေးရုံတွင်တက်ရောက်ကုသမှုခံယူနေရသော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို အောက်ဆီဂျင်ပေးခဲ့ရပြီးနောက် ဆရာဝန်များက ၎င်း၏ အဆုတ်အခြေအနေကို အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနှင့် စနေနေ့တို့တွင် သမ္မတထရမ့်၏ အခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိသည်ဟု ယူဆခဲ့ကြသော်လည်း အမှန်တွင် ထင်မှတ်ထားသည်ဆက်ဆိုးရွားခဲ့ကြောင်း ထရမ့်၏ အထူးကုသမားတော် အမေရိကန်ရေတပ်မှကွန်မန်ဒါ ဒေါက်တာရှောင်ကွန်လေက ပြောကြားသည်။

ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် နှစ်ရက်ခန့်က သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ လျော့ကျခဲ့ကြောင်း၊ သို့သော် တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ပြန်လည်ကောင်းမွန်လာကြောင်း ၎င်းကဆိုသည်။

သမ္မတထရမ့်၏ ကျန်းမာရေးနှင့်ပတ်သက်၍ အိမ်ဖြူတော်ကရရှိသော သတင်းများမှာ ဆန့်ကျင်ဖက်သဖွယ်ဖြစ်ကာ ရှုပ်ထွေးခဲ့ပြီးနောက် ၎င်းကို ကြပ်မတ်ကုသပေးနေသည့် သမားတော်အဖွဲ့က ယခုလို သတင်းထောက်များနှင့်တွေ့ဆုံကာ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သတင်းထုတ်ပြန်ပြီးနောက် နာရီပိုင်းတွင်သမ္မတထရမ့်က မော်တော်ယာဉ်တန်းတစ်ခုတွင် လိုက်ပါကာ ဆေးရုံပြင်ပသို့ထွက်ကာ ၎င်းကိုထောက်ခံသူများအား လက်ပြနှုတ်ဆက်မှုပြုလုပ်ခဲ့သည်။

အနက်ရောင် SUV အထူးမော်တော်ယာဉ်တစ်စီးနောက်ခန်းတွင် Mask တပ်ကာ ထိုင်နေသည့် သမ္မတထရမ့်ကို တွေ့မြင်ရသည်။ အဆိုပါမော်တော်ယာဉ်သည် ဝေါ်လ်တာရိဒ်နေရှင်နယ်စစ်ဆေးရုံရှေ့ဘက်သို့ထွက်လာခြင်းဖြစ်သည်။

သမ္မတထရမ့်ပါသော မော်တော်ယာဉ်ထွက်ချိန်တွင် ၎င်းကိုထောက်ခံသူများက ‘ယူအက်စ်အေ၊ ယူအက်စ်အေ’ ဟု အော်ဟစ်ကြသည်။
Twitter အကောင့်တွင်တင်ထားသော ဗီဒီယိုဖိုင်၌ ထရမ့်က ဆေးရုံပြင်ပတွင်စုဝေးရောက်ရှိနေသော မိမိ၏ လူထုပရိသတ်ကို အနည်းငယ်အံ့အားသင့်သွားအောင် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။

သို့သော် ထိုသို့အံ့အားသင့်အောင်ပြုလုပ်ခဲ့သည့် လုပ်ရပ်နှင့်ပတ်သက်၍ ကျန်းမာရေးပညာရှင်အတော်များများက ထရမ့်ကို ပြစ်တင်ဝေဖန်လျက်ရှိသည်။ အကြောင်းမှာ ထရမ့်အနေနှင့် Mask တပ်ထားသော်လည်း မော်တောကားအတွင်းရှိ Secret Service အမှုထမ်းယာဉ်မောင်းကို ရောဂါကူးစက်စေနိုင်သောကြောင့်ဖြစ်သည်။

ဆရာဝန်များ၏ အဆိုအရ ထရမ့်ကို ဗိုင်းရပ်စ်တိုက်ဖျက်ကုသရာတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသည့် Remdesivir ဆေးဖြင့်ကုသလျက်ရှိကြောင်း၊ အဆိုပါဆေးပတ်လည်ရန် ငါးရက်တိတိသောက်ရန်လိုအပ်မည်ဖြစ်ပြီး ထရမ့်အနေနှင့် နှစ်ရက်တိတိသောက်ပြီးပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြင်းထန်သည့်လူနာများအတွက်အသုံးပြုသည့် Steroid Dexamethasone ဆေးလည်းပေးထားကြောင်း ဆရာဝန်များကဆိုသည်။