News

POST TYPE

NEWS

Quarantine စင်တာ၌ ကူညီနေသူအား ဝိုင်းရိုက်သူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ
01-Oct-2020
ရန်ကုန်၊ အောက်တိုဘာ ၁

တောင်ငူမြို့နယ်ရှိ TTC ကျောင်းဟောင်းတွင် ဖွင့်လှစ်ထားသော Quarantine စင်တာ၌ ကူညီလုပ်ကိုင်ပေးနေသူကို ဝိုင်းရိုက်နှက်ခဲ့သူများအား အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူခံရသူ ရှစ်ဦးမှာ TTC ကျောင်းဟောင်းရှိ Facility Quarantine စင်တာတွင် Quarantine ဝင်ရောက်နေသူများဖြစ်ကြပြီး စက်တင်ဘာ ၂၅ ရက်ညပိုင်းက ၎င်းတို့အတွက် သက်ဆိုင်ရာမိသားစုဝင်က ပါဆယ်ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့ကြသည်။

ယင်းသို့ပို့ဆောင်စဉ် စခန်းတွင်လာရောက်ကူညီလုပ်ကိုင်ပေးနေသူ ဦးအောင်ဇော်လင်းက ယူဆောင်ခွင့်ပြုရန် တာဝန်ရှိသူဖြစ်သော အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းထံ အကြောင်းကြားနေစဉ် Facility Quarantine ဝင်နေသော ငါးဖယ်အင်းကျေးရွာ အုပ်စုတွင် နေထိုင်သည့် ဦးသိန်းထွန်း(၄၃)နှစ်၊ ဇင်မျိုးအောင်(၂၆)နှစ်၊ စောဝင်းထွန်း(၃၅)နှစ်၊ ဆင်ဆိပ်ကျေးရွာအုပ်စုတွင် နေထိုင်သော ဇော်မျိုးဦး(၂၃)နှစ်၊ဇင်မင်းထွဋ်(၂၁)နှစ်၊ နေရဲထက်(၂၄)နှစ်၊ ဆင်ဆိပ်ကျေးရွာအုပ်စုတွင် နေထိုင်သော နိုင်ထက်ဦး(၂၀)နှစ်နှင့် အာကာမင်း(၁၇)နှစ်တို့က ၎င်းတို့ကိုယ်တိုင် ပါဆယ်ထုတ်ကိုထွက်ယူမည်ဟု ပြောဆိုပြီး တံခါးဆီသို့သွားရောက်ခဲ့သည်။

တံခါးဆီသို့ သွားရောက်စဉ် ဦးအောင်ဇော်လင်းက တားမြစ်ပြောဆိုသဖြင့် ၎င်းတို့က မကျေမနပ်ဖြစ်ပြီး တွန်းထိုးကာ အနီးရှိထင်းပုံမှ ထင်းချောင်းဖြင့် ရိုက်နှက်သောကြောင့် ဦးအောင်ဇော်လင်းမှာ ဦးခေါင်းကွဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးသိန်းထွန်း အပါအဝင် ရှစ်ဦးကို အရေးယူပေးရန် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းက စက်တင်ဘာလ ၂၇ ရက် ညပိုင်းက တရားလိုပြု တိုင်ကြားလာသဖြင့် တောင်ငူမြို့မရဲစခန်းမှ (ပ) ၄၆၉/ ၂၀၂၀ ၊သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆/၃၀(က) အရ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03