News

POST TYPE

NEWS

Quarantine စင်တာတွင် ရဲအရာရှိကို လက်သီးဖြင့်ထိုးပြီး ထွက်ပြေးရန်ကြံစည်သူ ထောင်ဒဏ်တစ်နှစ်ခွဲ ကျ
30-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၃၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် Quarantine စင်တာတစ်ခု၌ ရဲအရာရှိကို လက်သီးဖြင့်ထိုးပြီး ထွက်ပြေးရန် ကြံစည်သည့် အမျိုးသားကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမိန့်ချမှတ်ခံရသူ မောင်ငယ်(၃၄)နှစ်မှာ တရုတ်စကားပြန်လုပ်ကိုင်သူဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်က လားရှိုးမြို့မှ လွိုင်ကော်သို့ ပြန်လာသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းအား Quarantine ဝင်ရန် နာနတ်တောရပ်ကွက်၊ လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်းရှိ Quarantine စင်တာသို့ ပို့ဆောင်ခဲ့သည်။

Quarantine စင်တာသို့ ပို့ဆောင်ခံရသူ မောင်ငယ်မှာ စင်တာမှ ထွက်ပြေးရန်ကြံစည်သဖြင့် ဒုရဲအုပ်နှင့် သူနာပြု ဆရာမတစ်ဦးတို့က ၎င်းအား တားဆီးရာ မောင်ငယ်က ဒုရဲအုပ်ကို လက်သီးဖြင့်ထိုးပြီး ထွက်ပြေးခဲ့သည်။
ယင်းနောက် ထွက်ပြေးသူ မောင်ငယ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး  ၎င်းကို လွိုင်ကော်မြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၆/၂၉ ဖြင့် စက်တင်ဘာ ၂၁ ရက်က အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါ အမှုကို တရားစွဲဆိုခဲ့ရာတွင် လွိင်ကော်မြို့နယ်တရားရုံးက စစ်ဆေးခဲ့ပြီးနောက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၉ အရ အလုပ်နှင့်ထောင်ဒဏ် ခြောက်လ စုစုပေါင်း ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

S-03