News

POST TYPE

NEWS

ချေးငွေများ အတင်းအကြပ်ပြန်မတောင်းရန် ဧရာ၀တီတိုင်းအစိုးရညွှန်ကြား
30-Sep-2020


ပုသိမ်၊စက်တင်ဘာ ၃၀

အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအနေနှင့် ထုတ်ချေးထားသည့်ငွေများကို အသင်းသားများထံမှ အတင်းအကြပ်ပြန်မတောင်းရန် ဧရာ၀တီတိုင်းအစိုးရအဖွဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီက စက်တင်ဘာလ ၂၈ ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

တိုင်းအတွင်းရှိ မြို့နယ်အချို့၌ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအချို့က ၎င်းတို့ထုတ်ချေးထားသည့်ငွေများကို အသင်းသားများထံမှ အတင်းအကြပ်ပြန်တောင်းနေသည်ဟု သတင်းမီဒီယာများထံကမှတစ်ဆင့် ကြားသိရသည့်အတွက် ယခုကဲ့သို့ ညွှန်ကြားချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဧရာ၀တီတိုင်းအစ်ုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာ၀န်ကြီး ဦးဌေး၀င်းက The Voice Daily သို့ ပြောကြားသည်။



“ကိုဗစ် ပထမလှိုင်းမှာကတည်းက ပြည်ထောင်စုအဆင့်က ထုတ်ပြန်တဲ့ ၂/၂၀၂၀ ညွှန်ကြားချက်မှာ ပါရှိပြီးဖြစ်ပါတယ်။ အသေးစားချေးငွေအဖွဲ့အစည်းတွေအနေနဲ့ သိရှိလိုက်နာကြဖို့ပါ။ အခုလိုကာလတွေမှာ ဒီအဖွဲ့အစည်းတွေအနေနဲ့ အခြားဖြေလျှော့ဖို့နည်းလမ်းတွေရှိပါတယ်။ အသင်းသားတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ဖို့ပါ” ဟု၎င်းက ရှင်းပြသည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် အသင်း၀င်များ၏ အသက်မွေး၀မ်းကြောင်းလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုကျဆင်း နိုင်သည့်ကာလအတွင်း အသင်းသားများထံမှ ချေးငွေနှင့်အတိုးကို အတင်းအကြပ် ပြန်လည်ကောက်ခံခြင်းမပြုဘဲ ပေးဆပ်ရမည့်အချိန်ကို အသင်းသားများနှင့် ညှိနှိုင်းကောက်ခံရန်ဖြစ်ကြောင်း ယင်းညွှန်ကြားချက်တွင် ဖော်ပြထားသည်။



“လက်ရှိအခြေအနေမှာ ဘာလုပ်ငန်းမှမလုပ်နိုင်ဘူး ဖြစ်နေတယ်။ လုပ်ပြန်တော့ ကန့်သတ်ချက်တွေလည်းရှိတယ်။လမ်းထွက်တဲ့သူတွေ နည်းနေတော့ ရောင်းပန်း၀ယ်ပန်း ဘယ်ပွင့်မလဲ။ ချေးငွေဌာနကလူတွေက အတင်းအကြပ် ခြိမ်းခြောက်တောင်းတာ မျိုးရှိတယ်။ အရင်းမဆပ်နိုင်ရင် အတိုးထပ်မှတ်တယ်ဆိုတော့ အရင်းပေါ်အတိုးထပ်ပွားလာပြီး အခက်အခဲတွေ ပိုဖြစ်ရတော့တာပေါ့” ဟု အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုထံမှ ချေးငွေယူထားသူ ဒေါ်မြင့်မြင့်အေးက ပြောဆိုသည်။

ဧရာ၀တီတိုင်းအတွင်း၌ ပက်(တ်)၊ ဝေါဗွီးရှင်း၊ စထာပလာ ၊ဖူလတန်၊ဓမ္မသိန္ဒိ စသည့် အဖွဲ့အစည်းများအပြင် တရားမ၀င်ဖွဲ့စည်း လုပ်ဆောင်နေသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများစွာရှိနေပြီး ဝိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေလုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း ငွေချေးယူသူများထံမှ သိရသည်။

R-04