News

POST TYPE

NEWS

အောင်ပန်းမြို့တွင် ပွဲရုံဖောက်ထွင်းခိုးယူသူ သုံးဦးကို ဖမ်းမိ
28-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်(တောင်ပိုင်း)၊  အောင်ပန်းမြို့တွင် ပွဲရုံဖောက်ထွင်းပြီး ကြက်သွန်၊ အာလူး အိတ်များကို ခိုးယူသည့် အမျိုးသားသုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖောက်ထွင်းခံရသော ပွဲရုံမှာ အောင်ပန်းမြို့၊ လွယ်မယ်ကျေးရွာရှိ ထီလာမြင့်ကုန်စိမ်းပွဲရုံဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်က ပိုင်ရှင်ဖြစ်သူမှ ပွဲရုံသို့ သွားရောက်စဉ် ကောင်တာစားပွဲပေါ်တွင် တင်ထားသည့် ၂၁ လက်မ TV တစ်လုံးမှာ ပျောက်ဆုံးနေသည်ကို သိရှိခဲ့သည်။

ယင်းနောက် ပွဲရုံပိုင်ရှင်က ဆက်လက် စစ်ဆေးရှာဖွေရာ ဆောင်းဘောက် အပါအဝင် ကြက်သွန်အိတ်၊ အာလူးအိတ်များ ပျောက်ဆုံးနေသည်ကို သိရှိရသဖြင့် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ထံသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

ယင်းအမှုအား စုံစမ်းစစ်ဆေးရာ အောင်ပန်းမြို့တွင် နေထိုင်သော အောင်ခိုင်ထက်၊ အောင်နိုင်ထွန်းနှင့် ရဲ‌လေး တို့သုံးဦးက ခိုးမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စက်တင်ဘာလ ၂၇ ရက် ညက ၎င်းတို့အား ဖမ်းဆီးပြီး အောင်ပန်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀(ခိုးမှု)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဖမ်းမိသူ သုံးဦးထဲမှ အောင်နိုင်ထွန်းမှာ ခိုးမှုဖြင့် ညောင်ရွှေအကျဉ်းထောင်တွင် အကျဉ်းကျခဲ့ပြီး ယခုလ စက်တင်ဘာလ ၂၂ ရက်က အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာစဉ် ခိုးမှုထပ်မံကျူးလွန်ခဲ့ခြင်း  ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03