News

POST TYPE

NEWS

ပုသိမ်တံတားသစ်တွင် ဆိုင်ကယ်နှင့် ယာဉ်ငယ်များ ဖြတ်သန်းမောင်းနှင်ခွင့်ပြု
27-Sep-2020


ပုသိမ်၊ စက်တင်ဘာ ၂၇

ရာနူန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်သော ပုသိမ်မြစ်ကူးတံတားသစ် (ပုသိမ်တံတား အမှတ် ၂ ) ပေါ်မှ ဆိုင်ကယ်နှင့် ယာဉ်ငယ်များကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းကစ၍ ဖြတ်သန်းမောင်းနှင်ခွင့်ပြုလိုက်ကြောင်း ဧရာဝတီတိုင်းအစိုးရရုံးထံမှ သိရသည်။

တံတားသစ်၏ခံ၀န်ကို စမ်းသပ်ပြီးစီးနေပြီဖြစ်၍ ဒေသခံပြည်သူများသွားလာရေး လွယ်ကူစေရန် ဧရာ၀တီတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း ဖြတ်သန်းမောင်းနှင်ခွင့်ပြခဲ့ကြောင်း ယင်းတံတားကိုတည်ဆောက်သည့် တံတားအထူးအဖွဲ့ ၁၆ မှ တာ၀န်ခံအင်ဂျင်နီယာ ဒေါ်သစ်သစ်အောင်က ပြောကြားသည်။

“အနှေးယာဉ်တွေတော့ ဖြတ်လို့မရပါဘူး။ တံတားပေါ်မှာ ယာဉ်ကိုရပ်တာ၊ လမ်းလျှောက်တာ ဓာတ်ပုံရိုက်တာ လုပ်လို့မရဘူး။ အမှိုက်မပစ်ဖို့၊ကွမ်းတံတွေးမထွေးဖို့လည်း ပြောလိုပါတယ်။ တံတားဖွင့်ပွဲ မလုပ်ရသေးခင်အချိန်ကာလအထိ ယာယီဖြတ်သန်းခွင့်ပြုတာပါ”ဟု ၎င်းက ပြောဆိုသည်။



တံတားဖွင့်ပွဲအခမ်းအနားကို ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်သည့်အချိန်တွင်လုပ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ယခုအချိန်၌ ပုသိမ်မြို့နယ်ကို Stay at home လုပ်ထားချိန်ဖြစ်နေ၍ တိတိကျကျ မပြောနိုင်ကြောင်း တာ၀န်ခံအင်ဂျင်နီယာ ဒေါ်သစ်သစ်အောင်က ရှင်းပြသည်။

ပုသိမ်မြစ်ကူးတံတားသစ်ကို Arch bridge ပုံစံ ဆန်းသစ်ထားသည့်ဒီဇိုင်းဖြင့် တည်ဆောက်ထားပြီး Arch များကို သံမဏိကြိုးဖြင့်ဆွဲထားသည့်အတွက် ဒေသခံပြည်သူများ စိတ်ချလက်ချဖြတ်သန်းသွားလာနိုင်ကြောင်း၊တံတားခံနိုင်ဝန်ကို Dynamic load test အနေဖြင့် ၂၁ ရက်ခန့် ကားငယ်များကိုပေးဖြတ်၍ စမ်းသပ်ခဲ့ကြောင်း တံတည်းတည်ဆောက်ရေးအဖွဲ့ထံမှသိရသည်။

ပုသိမ်မြစ်ကူးတံတားသစ် (ပုသိမ်တံတား အမှတ်၂ ) ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ က စတင်တည်ဆောက်ခဲ့ပြီး အရှည်ပေ ၂၃၈၀၊ ယဉ်သွားလမ်းအကျယ်၂၈ပေ၊ လူသွားလမ်း အ  ကျယ် ၅ ပေ ၊ရေလမ်းကင်းလွတ်အကျယ် ၄၁၆ ပေနှင့် ကင်းလွတ်အမြင့်ပေ ၆၀ ရှိ သံမဏိသံပေါင် ခုံးတံတားဖြစ်ကာ ကျပ် ၂၈ ဒသမ ၅ ဘီလီယံ အကုန်ကျခံ တည်ဆောက်ခဲ့ကြောင်း ဧရာဝတီတိုင်းအစိုးရရုံးထံမှ သိရသည်။ 

R-04