News

POST TYPE

NEWS

မကွေးတိုင်းအစိုးရအဖွဲ့က အသွားအလာကန့်သတ်ထားသော အိမ်ထောင်စု ၁၁၀၀ ကျော်ကို ဆန်၊ ဆီ ထောက်ပံ့
27-Sep-2020


ချောက်၊ စက်တင်ဘာ ၂၇

မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများတွေ့ရှိရသည့်အတွက် အသွားအလာကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားသော နေရာများတွင်နေထိုင်သည့် အိမ်ထောင်စု တစ်ထောင့်တစ်ရာကျော်ကို မကွေးတိုင်းအစိုးရအဖွဲ့က စက်တင်ဘာ ၂၆ ရက်နေ့တွင် ဆန်နှင့်ဆီ ထောက်ပံ့ပေးခဲ့သည်ဟု ယင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

"အသွားအလာကန့်သတ်ထားတဲ့ ကြာကန်ကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ဆားရွှေကင်းရပ်ကွက်တို့က အိမ်ထောင်စုတစ်စုကို ဆန်လေးပြည်နဲ့ ဆီ ၅၀ ကျပ်သားနှုန်း ထောက်ပံ့ပေးတယ်"ဟု မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောဆိုသည်။

မကွေးမြို့နယ်အတွင်း အသွားအလာကန့်သတ်ထားသော ကြာကန်ကျေးရွာမှ အိမ်ထောင်စု ၆၅၀ စု၊ လူဦးရေသုံးထောင်ခန့်၊ မကျီကန်ကျေးရွာမှ အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ တစ်ထောင့်ငါးရာခန့်၊ ဆားရွှေကင်းရပ်ကွက်မှ အိမ်ထောင်စု ၁၂၅ စု၊ လူဦးရေ ခြောက်ရာကျော်တို့ကို တိုင်းအစိုးရအဖွဲ့က ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။



မကွေးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ လာရောက်ထောက်ပံ့ပေးခဲ့ခြင်းလည်းဖြစ်သည်။

ကြာကန်ကျေးရွာတွင် ပိုးတွေ့လူနာ ခြောက်ဦး၊ မကျီးကန်ကျေးရွာတွင် ပိုးတွေ့လူနာတစ်ဦးနှင့် ဆားရွှေကင်းရပ်ကွက်တွင် ပိုးတွေ့လူနာတစ်ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့မှတ်ဆင့် မိသားစုဝင်လေးဦးကူးစက်ခံခဲ့ရသောကြောင့် ယင်းနေရာသုံးခုကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက အသွားအလားကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားသည်။

"တစ်ရွာလုံး အသွားအလာကန့်သတ်ထားတယ်။ ဒီလိုအခက်အခဲရှိနေတုန်းမှာ လာရောက်လှူဒါန်းပေးတဲ့ မကွေးတိုင်းအစိုးရအပါအဝင် အနယ်နယ်အရပ်ရပ်ကိုရောက်နေကြတဲ့ ကြာကန်သူကြာကန်သားများနဲ့ မြန်မာနိုင်ငံအနှံ့က မြို့တကာမှာရှိနေတဲ့ ဝန်ထမ်းများနဲ့အတူ ခုနစ်ရက်သားသမီးများအားလုံးကို ကျေးဇူးတင်ပါတယ်"ဟု ကြာကန်ကျေးရွာမှ ဦးဇော်မင်ထိုက် ကပြောကြားသည်။

R-11