News

POST TYPE

NEWS

မအူပင်တွင်​မြစ်ကမ်းပြိုသဖြင့် အိမ်ခြေ ၃၀ ကျော် ဘေးလွတ်ရာပြောင်းရွေ့
26-Sep-2020

ပုသိမ်၊စက်တင်ဘာ၂၆

ဧရာဝတီတိုင်း မအူပင်မြို့နယ် မီးသွေးချောင်းအုပ်စု သောင်တန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုသဖြင့် လူနေအိမ် ၃၀ ကျော်​ဘေးလွတ်ရာသို့ ဖျက်သိမ်း၊ပြောင်းရွေ့ရကြောင်း ဧရာ၀တီတိုင်းဘေးအန္တရာယ်​စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

၂၀၁၉ နှစ်ကုန်ပိုင်းကစ၍ မြစ်ရေတိုက်စားခံရပြီး ကမ်းပါးပြိုလာခြင်းကြောင့် စိုက်ခင်းများပျက်စီးခဲ့သည့်အပြင် စက်တင်ဘာ ၂၄ ရက်နေ့အထိ မြစ်ကမ်းနှင့်နီးကပ်နေသောအိမ်များကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ခဲ့သည်မှာ အိမ်အလုံး ၃၀ ရှိနေပြီဖြစ်ကြောင်း ဧရာ၀တီတိုင်းဘေးအန္တရာယ်​ စီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားသည်။



"အခုစက်တင်ဘာလထဲမှာ ကမ်းပြိုတာပိုစိပ်လာတယ်။ မနေရဲတော့ဘူး။ အိမ်တွေလည်းဖျက်၊ ရွှေ့ပြီးပြန်ဆောက်ရ။ စိုက်ခင်းတွေလည်းဆုံးရှုံး။ကိုဗစ်ကလည်းရှိတော့ ဟိုသွားမရ၊ဒီသွားမရနဲ့ မိသားစုစားဝတ်နေရေး အခက်ခဲဖြစ်ရတယ်" ဟု ဒေသခံကျေးရွာသား ဦးအောင်ဝင်းက ပြောဆိုသည်။

ကြိုတင်​​ပြောင်းရွေ့ရသည့်အိမ်​များအတွက် အိမ်​ဆောက်ပစ္စည်း၊ထောက်ပံ့ငွေ တစ်သိန်းကျပ်၊ တစ်ပါတ်စာ ဆန်​ရိက္ခာထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပံ့ပိုးပေးခဲ့ကြောင်း ဧရာ၀တီတိုင်းဘေးအန္တရာယ်​စီမံခန့်ခွဲမှုဦးစီးဌာန ညွန်​ကြား​ရေးမှူး ဦးသန်းစိုးက ထပ်မံပြောကြားသည်။

မြစ်ကမ်းပါးပြိုကျမှုအား ဆောင်ရွက်ပေးရန်အတွက် ဓာတ်ပုံမှတ်တမ်းများကို မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဘေးအန္တရာယ်​စီမံခန့်ခွဲမှုဦးစီးဌာနနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြထားကြောင်း ဒေသခံများက ပြောဆိုသည်။

သြဂုတ်လအတွင်းကလည်း မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာတွင် မြစ်​ကမ်းပါးပြိုကျမှုများဖြစ်​ပွားခဲ့သဖြင့် ဧရာဝတီတိုင်း​အစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခဲ့ရကြောင်း မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

R-04