News

POST TYPE

NEWS

ကပ်ရောဂါကြီးကြောင့် ကမ္ဘာ့တစ်ဝန်းရှိ အလုပ်သမားများအနေနှင့် ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံကျော်ဆုံးရှုံးခဲ့ရဟု ILO ပြောကြား
24-Sep-2020


ဓာတ်ပုံ- ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ ပင်လယ်စာရောင်းချသည့်ဈေးတစ်ခုတွင် အလုပ်လုပ်နေသော အမျိုးသမီးအလုပ်သမားများကိုတွေ့မြင်ရစဉ်။
AP

နယူးယောက်၊ စက်တင်ဘာ ၂၅

ကမ္ဘာ့အလုပ်သမားအဖွဲ့(ILO) ၏ စက်တင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားများအနေနှင့် ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံကျော်ခန့်ဆုံးရှုံးလိုက်ရသလို အလုပ်အကိုင်သန်းပေါင်းများစွာ လက်လွှတ်လိုက်ရကြောင်း သိရှိရသည်။

ILO ၏ အဆိုအရ ယခုကြုံတွေ့နေရသည့် ကပ်ရောဂါကြီးကြောင့် အလုပ်အကိုင်သန်းပေါင်းများစွာ ပျောက်ဆုံးသွားရသလို ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားများအနေနှင့် ဝင်ငွေအဆမတန်လျော့ကျသွားသည့်ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ယခင်ခန့်မှန်းခဲ့ကြသည်ထက် ပို၍ အလုပ်လက်မဲ့ဖြစ်အောင် ဖန်တီးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ILO အစီရင်ခံစာက ဆိုသည်။

ILO ကလတ်တလောပြုလုပ်ခဲ့သော လေ့လာချက်အရ ၂၀၂၀ နှစ်လယ်ပိုင်းတွင် ကမ္ဘာတစ်ဝန်းရှိ ပျမ်းမျှ အလုပ်လုပ်ချိန်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၁၇ ဒသမ ၃ ရာခိုင်နှုန်းခန့်လျော့ကျသွားကြောင်း၊ အဆိုပါနှုန်းထားသည် အချိန်ပြည့်အလုပ်အကိုင်ပေါင်း သန်း ၅၀၀ နီးပါးနှင့် ညီမျှကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်တဲ့ ဂယက်ရိုက်ခတ်မှုကတော့ ကြောက်ခမန်းလိလိပါပဲ ဟု ILO ၏ အကြီးအကဲ ဂိုင်းရိုင်ဒါက အွန်လိုင်းကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကိုပြောကြားသည်။
၎င်း၏ အဆိုအရ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားများ၏ ယခုနှစ် ကိုးလပိုင်းအထိ ဝင်ငွေသည် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိ လျော့ကျသွားသည်။

ယင်းပမာဏသည် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၅ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံထိ လျော့ကျသွားခြင်းဖြစ်သည်ဟု ဆိုနိုင်ကြောင်း ILO ၏ အဆိုအရသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သော COVID-19 အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ဗိုင်းရပ်စ်ကြောင့် ယခုအခါ ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၃၁ သန်းကျော် ရောဂါကူးစက်ခံခဲ့ရပြီး ၁ သန်းနီးပါးသေဆုံးခဲ့ရပြီးဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဆိုပါဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်လုပ်ဆောင်ခဲ့သော Lockdown များ၊ ခရီးသွားလာမှုကန့်သတ်ချက်များ၊ Stay Home နေထိုင်ရန်အမိန့်များအပါအဝင် အခြားကန့်သတ်ချက်များကြောင့် အလုပ်အကိုင်ပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသလို အလုပ်သမားများဝင်ငွေရရှိမှုဘက်တွင်လည်း ဆိုးရွားစွာလျော့ကျသွားခဲ့သည်။