News

POST TYPE

NEWS

ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူများလာသဖြင့် ကြက်သားစျေးထိုးကျ
23-Sep-2020


ပုသိမ်၊စက်တင်ဘာ ၂၃

ဧရာ၀တီတိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ များလာသဖြင့် ပုသိမ်မြို့စည်ပင်သာယာအဖွဲ့ ကွပ်ကဲမှုအောက်ရှိစျေးများ၌ ယခုရက်ပိုင်းအတွင်း ကြက်သားစျေး ထိုးကျသွားကြောင်း ကြက်သား လက်လီလက်ကားရောင်းသူများ ထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးရှိသူများလာသဖြင့် ပုသိမ်မြို့ရှိ ဟိုတယ်၊အရက်ဆိုင်၊စားသောက်ဆိုင်၊ ထမင်းဆိုင်၊လက်ဘက်ရည်ဆိုင်နှင့် လမ်းဘေး စျေးဆိုင်များ တည်ခင်းရောင်းချခွင့်ပိတ်လိုက်ခြင်းကြောင့် ၀ယ်လိုအားလျော့ကျသွားပြီး စျေး ထိုးကျသွားခြင်းဖြစ်သည်ဟု ​၎င်းတို့ကပြောဆိုသည်။

တိုင်းရင်းကြက် ဒေသခေါ်  အိမ်ကြက် အသားရောင်းစျေး တစ်ပိသာ ၈၀၀၀ ကျပ်ရောင်းခဲ့ရာမှ ၅၀၀၀ ကျပ်သို့ ကျဆင်းသွားပြီး စီပီကြက်ခေါ် မွေးမြူရေးကြက်အသားစျေးနှုန်းမှာလည်းတစ်ပိသာ ၆၀၀၀ ကျပ်ရှိရာမှ ၄၀၀၀ ကျပ်စျေးအထိ ထိုးကျသွားခြင်းဖြစ်သည်။

“အဓိကတော့ စားသောက်ဆိုင်တွေပိတ်တယ် ၊  ဆိုင်ထိုင်စားလို့မရဘူး။ အချိန်ကန့်သတ်မှုက လည်းရှိ စျေးတွေကလည်းမွန်းလွဲ ၂ နာရီအထိပဲဆိုတော့ ရောင်းအားမရှိတော့ဘူး။စျေးလာ သူကလည်းနည်းသွားတယ်။ကြက်ဒိုင်တွေကလည်း စျေးချပေးတယ်”ဟု ပုသိမ်မြို့ ဘူတာစျေးမှ ကြက်သားသည် ဒေါ်တင်အေးက ပြောကြားသည်။



မွေးမြူထားသည့်ကြက်များကို အသားအတွက် ထုတ်ရောင်းရန် သတ်မှတ်အချိန်ကျနေခြင်း၊ ဆက်မွေးထားပါက ကြက်အစာစာရိတ်နှင့် အထွေထွေ၀န်ဆောင်စာရိတ်များတိုးလာပြီး အရှုံးပေါ်လာနိုင်ခြင်းတို့ကြောင့် အရင်းပေါ် လုပ်အားခအမြတ်ရရုံဖြင့် ဒိုင်ရောင်းစျေး တစ်ပိသာ ၂၅၀၀ ကျပ်ဖြင့် ချရောင်းနေရကြောင်းကြက်ဒိုင်လုပ်ငန်းရှင်  ဦးမျိုးမြင့်ထွန်းကလည်း ပြောဆိုသည်။

ဧရာ၀တီတိုင်းအတွင်းရှိမြို့နယ်များ၌ ကိုဗစ်- ၁၉ ရောဂါပိုးရှိသူများလာခြင်းကြောင့် ဟိုတယ်၊ စားသောက်ဆိုင်၊ထမင်းဆိုင်နှင့် လမ်းဘေးစျေးသည်များ တည်ခင်းရောက်ချခွင့် ယာယီပိတ်လိုက်ပြီး စတိုးဆိုင်၊ဆေးပစ္စည်းဆိုင် ၊အိမ်ဆိုင်၊ ကုန်မာပစ္စည်းဆိုင်နှင့် စျေးများကို စက်တင်ဘာလ ၂၁ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိ နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီ အထိသာရောင်းချရန် တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားသည်။R.04

ဓာတ်ပုံ မောင်မျိုးထက်