News

POST TYPE

NEWS

လန်ဒန်တွင် Lockdown သတ်မှတ်ချက် ဆန့်ကျင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့
20-Sep-2020
Lockdown ချမှတ်မှု ဆန့်ကျင်ဆန္ဒပြသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလာစဉ်

လန်ဒန်၊ စက်တင်ဘာ ၂၀

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျှော့ချနိုင်ရေးရည်ရွယ်သည့် Lockdown ကန့်သတ်ချက်များ ချမှတ်မှုကို ဆန့်ကျင်ဆန္ဒပြမှု စနေနေ့က ဖြစ်ပွားခဲ့ပြီး မြို့လယ်တွင် လူတစ်ထောင်ကျော် စုဝေးချီတက်ခဲ့မှုကို ရဲတပ်ဖွဲ့က လူစုခွဲဖြိုခွင်းခဲ့သည်။

အင်္ဂလန်တစ်ဝန်း ပိတ်ဆို့ကန့်သတ်ချက်အချို့ ပြန်လည်ချမှတ်သင့် မသင့် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် စဉ်းစားနေကြောင်း သတင်းများထွက်လာစဉ် ဆန္ဒပြကန့်ကွက်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ ဆန္ဒပြမှုအတွင်း လူ ၃၂ ဦး အဖမ်းခံခဲ့ရသည်။

ဆန္ဒပြသူများသည် 'Covid ဟာ လိမ်လည်မှုတစ်ခုဖြစ်တယ်'၊ 'ငါ့ခန္ဓာ ကိုယ်ငါရွေးချယ်မှုပဲ၊ အတင်းအကျပ် Mask မတပ်ခိုင်းနဲ့' ဆိုသည့်စာတန်းများ ကိုင်ဆောင်ချီတက်ခဲ့ကြသည်။

ဆန္ဒပြမှုအတွင်း ပါဝင်သူများနှင့် အခြားအများပြည်သူများ ရောဂါကူးစက်မှု အန္တရာယ်မဖြစ်စေရေးအတွက်ဟုဆိုကာ Trafalgar ရင်ပြင်မှ ဆန္ဒပြသူများထွက်ခွာရန် ရဲတပ်ဖွဲ့က အမိန့်ပေးခဲ့သည်။

ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နှေးကွေးသွားရေး ထုတ်ပြန်ထားသည့် ဥပဒေများအရ အင်္ဂလန်တွင် နေထိုင်သူများအား လူ ၆ ဦးထက်ပိုပြီး စုဝေးခွင့် ပြုမထားပေ။ နိုင်ငံရေးဆန္ဒပြမှုများအတွက် ကင်းလွတ်ခွင့်များရှိသော်လည်း ဦးဆောင်ပြုလုပ်သူများအနေနှင့် ကူးစက်ရောဂါပျံ့နှံ့မှု အန္တရာယ်ကို လျှော့ချရမည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ယခင်ကဖြစ်ခဲ့သည့် Lockdown ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ဦးဆောင်ခဲ့သူများသည် ဒဏ်ငွေ ပေါင် ၁၀,ဝ၀ဝ ဒဏ်ရိုက်ခံခဲ့ရသည်။

စနေနေ့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အချို့သည် ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍လည်း ဆန့်ကျင်ကန့်ကွက်မှုလုပ်ခဲ့ကြပြီး အစိုးရ၊ မီဒီယာနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့အပေါ် မယုံကြည်မှု ပိုတိုးလာခဲ့သည်ကို ပြသနေသည်။

ဗြိတိန်နိုင်ငံသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအမြင့်ဆုံး နိုင်ငံဖြစ်လာကာ သေဆုံးဦးရေ စုစုပေါင်း ၄၁,ဝ၀ဝ ကျော်ပြီဖြစ်သည်။ ယခုလတွင် စာသင်ကျောင်းများပြန်ဖွင့်လိုက်ချိန်မှစ၍ နိုင်ငံလုံးဆိုင်ရာ ကူးစက်ရောဂါ ဆေးစစ်မှုများသည် လိုအပ်ချက်ကို မပြည့်မီသေးပေ။

ရောဂါကူးစက်မှု မြင့်တက်နေသော စကော့တလန်၊ ဝေးလ်နှင့် အင်္ဂလန်မြောက်ပိုင်းဒေသများတွင် ဒေသဆိုင်ရာ ပိတ်ဆို့ကန့်သတ်မှုများ ချထားခဲ့ ပြီးဖြစ်ကာ အပေါင်းအသင်း မိတ်ဆွေများကို နေအိမ်များသို့ ဖိတ်ခေါ်ခြင်း တားမြစ်ထားသည်။ ထို့ပြင် အရက်ဆိုင်၊ စားသောက်ဆိုင်များဖွင့်ချိန်ကို လျှော့ချသတ်မှတ်ထားသည်။ 

F-04