News

POST TYPE

NEWS

အမေရိကန်တရားရုံးချုပ် တရားသူကြီးနေရာအတွက် အမျိုးသမီးတစ်ဦးကို အမည်စာရင်းတင်သွင်းမည်ဟု ထရမ့်ပြော
20-Sep-2020


ဝါရှင်တန်၊ စက်တင်ဘာ ၂၀

အမေရိကန်တရားရုံးချုပ် တရားသူကြီး ရုသ်ဘေဒါဂင်စဘာ့ဂ်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ကွယ်လွန်သွားသည့်အတွက် သူမ၏နေရာအစားထိုးရန် အမျိုးသမီးတစ်ဦးကို အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့် ကပြောကြားသည်။

"လာမယ့်သီတင်းပတ်မှာ အမည်စာရင်းတင်သွင်းမှာပါ။ အမျိုးသမီးပဲဖြစ်ပါမယ်" ဟု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ထရမ့်က ပြောဆိုသည်။

"အမျိုးသမီးပဲဖြစ်သင့်ပြီး ကျွန်တော်ကိုယ်တိုင်လည်း အမျိုးသားထက် အမျိုးသမီးကို သဘောကျပါတယ်" ဟု ၎င်းကဆိုသည်။

သမ္မတထရမ့်၏ အစိုးရသက်တမ်းအတွင်း အမေရိကန်တရားရုံးချုပ် တရားသူကြီးနေရာကိုခန့်အပ်ရန် သုံးကြိမ်မြောက်အခွင့်အရေးရရှိခြင်းဖြစ်ပြီး ယင်း တရားသူကြီးများ၏ ရာထူးသက်တမ်းမှာ တစ်သက်တာပတ်လုံးလည်း ဖြစ်သည်။

အစောပိုင်းကတည်းကပင် ယင်းနေရာအတွက် အဆိုပြုမည့် အမျိုးသမီးနှစ်ဦးကို ထုတ်ဖော်ပြောဆိုထားပြီး ၎င်းတို့မှာ ချီကာဂိုအခြေစိုက်တရားရုံးမှ အေမီကော်နေးဘာရက်နှင့် အတ္တလန်တာ အခြေစိုက်တရားရုံးမှ ဘာဘရာလာဂိုအာ တို့ဖြစ်ကြသည်။

အမေရိကန်တရားရုံးချုပ် တရားသူကြီး ရုသ်ဘေဒါဂင်စဘာ့ဂ်သည် အသက် ၈၇ နှစ်အရွယ်၌ ကွယ်လွန်သွားခြင်းဖြစ်ပြီး တရားရုံးချုပ်၌ ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

သမ္မတထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီက အသာရထားသည့် ဆီးနိတ်လွှတ်တော်အတွင်း အမည်စာရင်းတင်သွင်းမှုကို အတည်ပြုချက်ရယူရမည်လည်းဖြစ်သည်။ သို့သော် ရီပတ်ဘလစ်ကန်ပါတီဝင် ဆီးနိတ်လွှတ်တော်ကိုယ်စားလှယ်အားလုံးက တရားရုံးချုပ်တရားသူကြီးအမည် စာရင်းတင်သွင်းမှုကို သဘောတူညီကြသည်တော့ မဟုတ်ပေ။

ဒီမိုကရက်တို့ကလည်း နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ပြုလုပ်မည့်အမည် စာရင်းတင်သွင်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။

၂၀၁၆ ခုနှစ်က ဒီမိုကရက်တစ် သမ္မတဘားရက်အိုဘားမားလက်ထက်က တရားရုံးချုပ်တရားသူကြီး ရွေးချယ်မှုနှင့်ပတ်သက်၍ ရီပတ်ဘလစ်ကန်တို့က တားဆီးခဲ့သည်ကိုလည်း ထောက်ပြကြသည်။

အမေရိကန်တရားရုံးချုပ်မှာ အမေရိကန်ပြည်ထောင်စုတွင် အာဏာအမြင့်ဆုံးရှိသည့် တရားရုံးဖြစ်ပြီး ပြည်နယ်အစိုးရများနှင့် ဖက်ဒရယ်အစိုးရတို့ အကြား အငြင်းပွားဖွယ်ဥပဒေများကို မကြာခဏဆိုသကဲ့သို့ ဖြေရှင်းဆုံးဖြတ်ပေးရလေ့ရှိသည်။

ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်တရားရုံးချုပ်က လိင်တူလက်ထပ်ခွင့်ကို အမေရိကန်ပြည်နယ် ၅၀ လုံး၌ တရားဝင်တိုးချဲ့ခွင့်ပြုပေးခဲ့သည်။ 

F-03