News

POST TYPE

NEWS

ထိုင်ဝမ်မှ မြန်မာနိုင်ငံသား ၁၀ဝ ဦး ပြန်လည်ရောက်ရှိ
20-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၀

ထိုင်ဝမ်(တရုတ်-တိုင်ပေ)တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအပါအဝင် ၁၀ဝ ဦးသည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ရုံးက ထုတ်ပြန်သည်။

၎င်းတို့အထဲတွင် ထိုင်ဝမ်(တရုတ်-တိုင်ပေ)၌ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြပြီး အလုပ်အကိုင် အခက်အခဲရှိနေသူများ၊ ဆေးဝါးကုသရန် ရောက်ရှိနေသူများနှင့် မိသားစုဝင်များ၊ သာသနာပြုရန် ရောက်ရှိနေသော သံဃာတော်များ၊ မိသားစုများထံ အလည်အပတ်လာရောက် သူများ၊ စာချုပ်သက်တမ်း ကျော်လွန်နေသည့် မြန်မာသင်္ဘောသားများ၊ ပညာသင်ကာလပြီးဆုံးသူများ၊ အလည်အပတ်ရောက်ရှိနေပြီး လေကြောင်းသွားလာမှုများ ရပ်ဆိုင်းလိုက်ခြင်းကြောင့် သောင်တင်နေကြသည့် မြန်မာနိုင်ငံသားများ ပါဝင်သည်။

ထိုင်ဝမ်မှ မြန်မာနိုင်ငံသားများကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ခေါ်ဆောင်ပေးနေသည်မှာ ယခုအခေါက်နှင့်ဆိုလျှင် တတိယအကြိမ်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တတိယအကြိမ်ပြန်လည်ခေါ်ယူခဲ့သည့်အထဲတွင် သာသနာပြုသံဃာတော် ၁ ပါး၊ မြန်မာသင်္ဘောသား ၅၃ ဦး၊ ပညာသင်ပြီးဆုံးသည့် ကျောင်းသား ၁၁ ဦး၊ ဆေးကုသမှုခံယူသူနှင့် မိသားစုဝင် များ ၁၄ ဦး၊ ရင်ခွင်ပိုက်ကလေးငယ် ၁ ဦး နှင့် မိသားစုများထံ အလည်အပတ် ရောက်ရှိပြီး သောင်တင်နေသူ မြန်မာနိုင်ငံသားများဖြစ်သည်။

၎င်းတို့အပြင် မြန်မာနိုင်ငံပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိသော ကျွမ်းကျင်ပညာရှင်များ၊ ဗဟိုဘဏ်နှင့် စီမံကိန်းများ ဆောင်ရွက်လျက်ရှိသော ဘဏ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားရှိသည့် အထည်ချုပ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု အကျိုးဆောင်ကုမ္ပဏီ၊ ကလေးကျန်းမာရေးသုံး ပစ္စည်းများ တင်သွင်းရောင်းချသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များ စုစုပေါင်း ၁၇ ဦး လိုက်ပါလာခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခင်က ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများကို သြဂုတ်လကုန်အထိသာ ခေါ်ယူနိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း ယနေ့အချိန်အထိ ပြည်ပရောက် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူနေရဆဲဖြစ်သည်။

S-09