News

POST TYPE

NEWS

ငပုတောမြို့နယ်အတွင်း တောဆင်ရိုင်းအုပ်ဝင်ဖျက်သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
20-Sep-2020
တောဆင်ရိုင်းများရန်ပြုသဖြင့် ဒဏ်ရာရခဲ့သည့်အမျိုးသမီးကို ပုသိမ်ဆေးရုံသို့ လာရောက်ပို့ဆောင်စဉ်

ပုသိမ်၊ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်း ငပုတောမြို့နယ် သစ်တိုပင်ကျေးရွာရှိ အိမ်တစ်အိမ်ကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁ နာရီခွဲခန့်အချိန်က တောဆင်ရိုင်းအုပ်တစ်အုပ် ဖျက်ဆီးခဲ့သဖြင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

တောဆင်ရိုင်းရှစ်ကောင်ပါသောအုပ်စုက ငပုတောမြို့နယ် မြစ်တစ်ရာ သစ်တောကြိုးဝိုင်း အကွက်အမှတ် ၈၉ အတွင်းရှိ ပုသိမ်-မော်တင်ကားလမ်းဘေး မိုင်တိုင်အမှတ် ၄၆ အနီး သစ်တိုပင်ရွာမှ ဦးထွန်းရီ၏အိမ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သမီးဖြစ်သူက ၎င်း၏ ၃ နှစ် အရွယ်ကလေးကိုပိုက်၍ ထွက်ပြေးစဉ် တောဆင်ရိုင်းတိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသဖြင့် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက The Voice Daily သို့ပြောကြားသည်။

"ကျန်းမာရေးဌာနက နံရိုးမှာထိထားတယ် ပုသိမ်ဆေးရုံတင်ဆိုလို့ ပို့လိုက်တယ်။ ဒဏ်ရာရတဲ့အမျိုးသမီးက အသက် ၂၁ နှစ်ရှိတဲ့ နော်တူးမပါ။ ကလေးကတော့ ဘာမှမဖြစ်ဘူး ဆင်က နှာမောင်းနဲ့ရိုက်တာလား ခွာနဲ့ရှပ်တာလား အသေအချာမသိဘူး မနင်းမိတာ အတော်ကံကောင်းတယ်" ဟု ၎င်းကရှင်းပြသည်။

ယင်းအိမ်အနီးဝါးတော၌ မျှစ်များရှိနေ၍ စက်တင်ဘာ ၁၈ ရက်နေ့ကပင် တောဆင်ရိုင်းအုပ်စု လာရောက်နေခြင်းဖြစ်ကြောင်း၊ အိမ်အနီးသို့ ရောက်လာသဖြင့် အိမ်ရှင်ဦးထွန်းရီက ခြောက်လှန့်မောင်းထုတ်သော်လည်း ထွက်မသွားဘဲ အိမ်ကိုဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ထပ်မံပြောဆိုသည်။

ငပုတောမြို့နယ်နှင့် ပုသိမ်မြို့နယ်ရှိ သစ်တောများသည် ရခိုင်ရိုးမနှင့်တစ်ဆက်စပ်တည်းရှိနေကာ ယင်းဒေသများရှိ တောင်ခြေတောစပ် ကျေးရွာများသို့ တောဆင်ရိုင်းများ အကြောင်းအမျိုးမျိုး ဖြင့်ရောက်လာပြီး စိုက်ပျိုးသီးနှံများကို စားသောက်ဖျက်ဆီးခြင်း၊ လူနေအိမ်များကို ဖျက်ဆီးခြင်းများကြောင့် လူများထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ မကြာခဏဖြစ်လေ့ရှိကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။  

R-04