News

POST TYPE

NEWS

မန္တလေးကုန်စည်ဒိုင် ယာယီပြန်ပိတ်
20-Sep-2020

မန္တလေး၊ စက်တင်ဘာ ၂၀

ကိုဗစ်-၁၉ ဒုတိယလှိုင်းဖြစ်ပွား လာသည့်အတွက် မန္တလေးကုန်စည်ဒိုင်ကို  စက်တင်ဘာလ ၂၁ ရက်(ယနေ့)မှစ၍  ယာယီပိတ်ထားမည်ဖြစ်ကြောင်း မန္တလေး ကုန်စည်ဒိုင် အလုပ်အမှုဆောင်အဖွဲ့ထံမှ  သိရသည်။

မန္တလေးကုန်စည်ဒိုင်ကို အောက်တိုဘာလ ၁ ရက်နေ့အထိ ယာယီပိတ်ထား မည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ပေးမည့်ရက် ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ထပ်မံ ထုတ်ပြန် ကြေညာပေးမည်ဖြစ်ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော်အသင်း (ကုန်စည်ဒိုင် - မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက  ပြောကြားသည်။

“အခုရက်ပိုင်း လူဝင်တာလည်း နည်းတယ်၊ အချို့ကလည်း ကျန်းမာရေး အရ မလာကြတာပါတယ်၊ ဒီအထဲမှာ ဆက်စပ်ကူးသွားမှာစိုးတာ၊ အဓိကတော့ ကျန်းမာရေးကိစ္စတွေကြောင့် ပိတ်လိုက် တာပါ။ သေချာတာကတော့  ၁၀ လပိုင်း  ၁ ရက်နေ့အထိ ပိတ်မယ်။ အဲဒီနေ့ကျမှ  ကျန်းမာရေးအခြေအနေအပေါ် မူတည်ပြီး  ထုတ်ပြန်ချက် ဆက်ထုတ်မယ်”ဟု ၎င်းက ပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း မန္တလေး ကုန်စည်ဒိုင်သို့ လာရောက်၍ အရောင်း အဝယ်ပြုလုပ်သူ နည်းပါးခဲ့ပြီး တစ်ရက်လျှင် လူ ၂၀ဝ ဝန်းကျင်သာ ဝင်ရောက်ကြောင်း၊ ကိုဗစ်-၁၉ ပထမလှိုင်းပြီးချိန်ကာလများ က နေ့စဉ် လူ ၆၀ဝ ခန့်ဝင်ရောက်ခဲ့ကြောင်း ယင်းကုန်စည်ဒိုင်ထံမှ သိရသည်။

ပဲ၊ နှမ်း ပွဲစားများ၊ ကုန်သည်များ၊ စက်ပိုင်များအနေဖြင့် အရောင်းအဝယ် ပြုလုပ်လိုပါက အသင်းက ဖွင့်ထားသည့်  Viber Group တွင် ဝင်ရောက်၍ အရောင်း အဝယ်ပြုလုပ်နိုင်မည်ဖြစ်ပြီး အသင်းတိုက် ရှေ့မျက်နှာစာတွင် အရောင်းအဝယ်မပြု လုပ်ကြရန် မေတ္တာရပ်ခံထားသည်။

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်း(ကုန်စည်ဒိုင်-မန္တလေး)တွင် အသင်းဝင် ၁၈၀ဝ ခန့်ရှိပြီး အသင်း တိုက်သည် မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်၊ ၈၆ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်း  ကြားတွင် တည်ရှိသည်။

ဘုန်းမြတ်