News

POST TYPE

NEWS

ကျောင်းသားများကို ဖမ်းဆီးအရေးယူမှုအပေါ် ကန့်ကွက်ကြောင်း တောင်ငူတက္ကသိုလ်ကျောင်းသားများ ပိုစတာကမ်ပိန်းလုပ်
20-Sep-2020


တောင်ငူ၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော် သည့်ကျောင်းသားများကို ဖမ်းဆီးအရေး ယူမှုများအပေါ် ကန့်ကွက်ကြောင်း တောင်ငူ တက္ကသိုလ် ကျောင်းသားသမဂ္ဂကဦးဆောင်ကာ စက်တင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းက တောင်ငူမြို့ရှိ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ပိုစတာကမ်ပိန်း ပြုလုပ်ခဲ့သည်ဟု ဗကသများအဖွဲ့ချုပ်မှ  ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်အတွင်းရေးမှူး  ကိုသက်တင်အောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် လုပ်ဆောင်နေခြင်းနှင့် လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်သိမ်းထားခြင်းနှင့်ပတ်သက်၍  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အယုံအကြည် မရှိကြောင်း စက်တင်ဘာ ၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့မှဥက္ကဋ္ဌ အပါအဝင်  ကျောင်းသားသုံးဦးကို ငြိမ်းစုစီပုဒ်မအပြင်  သဘာဝဘေးအန္တရာယ် တားဆီးကာကွယ် ရေးအက်ဥပဒေဖြင့်ပါ အရေးယူခံထားရသည့်ကိစ္စကို ကန့်ကွက်ကြောင်း ၎င်းက ပြောဆိုသည်။

“ရခိုင်ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်း ပြသတာပါ။ အကြမ်းဖက် မှု‌တွေရပ်ဖို့ ကျောင်းသားတွေကို တရားစွဲဆို တာတွေရပ်ဖို့ တောင်းဆိုပါတယ်”ဟု ကိုသက်တင်အောင်က ထပ်လောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့၌  စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက  ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ အပါအဝင်  သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး နေသည့်အပြင် မိတ္ထီလာမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကိုလည်း  ဖမ်းဝရမ်းထုတ်ထားသည်။

တောင်ငူတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ကဦးဆောင်ကာ တောင်ငူမြို့ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်နှင့် လူစည်ကားရာ လမ်းဆုံလမ်းခွများ၌ အကြမ်းဖက်မှုရပ်တန့် ရေးအပါအဝင် တောင်းဆိုချက်ငါးရပ်ပါ  စတစ်ကာများကို လိုက်ကပ်ခဲ့ကြသည်ကို  အရပ်ဝတ်ဝတ်ဆင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းစတစ်ကာများကို  လိုက်လံခွာယူခဲ့သည်ဟု မျက်မြင်တွေ့ သူများ၏ အဆိုအရ သိရသည်။ 

R-02