News

POST TYPE

NEWS

အမေရိကန်နှင့် ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းထားရှိသွားမည်ဟု ထိုင်ဝမ်သမ္မတကတိပြု၊ တရုတ်တိုက်လေယာဉ်များစွာ ကျွန်းဒေသအနီးပျံဝဲ
19-Sep-2020
ညစာစားပွဲသို့ တက်ရောက်လာခဲ့သည့် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်၊ အမေရိကန် စီးပွားရေးရာ လက်ထောက်အတွင်းရေးမှူး ကိတ်ချ်ကရိုက်နှင့် 
TSMC တည်ထောင်သူ မောရစ်ချန်းတို့ကို တွေ့ရစဉ်

တိုင်ပေ၊ စက်တင်ဘာ ၁၉

ကျွန်းဒေသသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိနှင့် သောကြာနေ့က ညစာစားပွဲအခမ်းအနား တွင် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးနက်နက်ရှိုင်းရှိုင်း ထားရှိသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ် က ကတိပြုပြောကြားသည်။ 

ယင်းနေ့မှာပင် တရုတ်က ကျွန်းဒေသအနီး တိုက်လေယာဉ် ၁၈ စီးအထိ စေလွှတ်ကာ အမေရိကန်အရာရှိ၏ ခရီးစဉ်အပေါ် ၎င်းတို့၏ မကျေနပ်ချက်ကို ထုတ်ဖော်ပြသခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုများ စတင်လိုက်ကြောင်း သောကြာနေ့အစောပိုင်းတွင် တရုတ်ကကြေညာခဲ့သည်။ တရုတ်ပိုင်ဟု ပြောဆိုထားသည့် ထိုင်ဝမ်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေး ပိုမိုနှောင်ဖွဲ့လာမှုအပေါ် ဘေဂျင်းက ရှုတ်ချပြစ်တင်ခဲ့သည်။ တရုတ်စစ်လေယာဉ်များကို သတိပေးတုံ့ပြန်ရန် ထိုင်ဝမ်လေတပ်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်မှုလုပ်ခဲ့သည်။

အမေရိကန် စီးပွားရေးရာ လက်ထောက်အတွင်းရေးမှူး ကိတ်ချ်ကရိုက်သည် သုံးရက်ကြာအလည်အပတ်ခရီးစဉ်အဖြစ် ကြာသပတေးနေ့တွင် တိုင်ပေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူသည်ဆယ်စုနှစ်လေးခုအတွင်း ထိုင်ဝမ်သို့ လာရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်ဆုံးအရာရှိဖြစ်သည်။

ကရိုက်နှင့် သူ့အဖွဲ့ကို ဆိုင်က သူမ၏ အိမ်တော်တွင် ညစာစားပွဲနှင့် တည်ခင်းဧည့်ခံခဲ့သည်။ စနေနေ့တွင်ပြုလုပ်မည့် ထိုင်ဝမ်ဒီမိုကရေစီ ဖခင်ကြီး လီတန်ဟွေး အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ရန် လာရောက်ခဲ့ခြင်းအတွက် ကျေးဇူးတင်ပါကြောင်း ဆိုင်က ကရိုက်ကို  ပြောဆိုခဲ့သည်ဟု သောကြာနေ့က သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"ထိုင်ဝမ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုများ တိုးမြှင့်ဖြစ်ပေါ်ရေးအတွက် အတူတကွဆက်လက်ပူးပေါင်း လုပ်ဆောင်သွားကြမယ်လို့ ကျွန်မမျှော်လင့်ပါတယ်" ဟု ဆိုင်က ပြောဆိုသည်။ အပြန်အလှန် နီးနီးကပ်ကပ် ဆက်ဆံရေးရှိခဲ့ကြမှုနှင့်အတူ ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးသည် မကြာခင်နှစ်များအတွင်း သိသိသာသာ တိုးတက်မှုများရှိခဲ့ကြောင်းလည်း သူမကပြောဆိုခဲ့သည်။

ထိုင်ဝမ်သည် အမေရိကန်ပြည်ထောင်စုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ကတိပြုထားကြောင်းလည်း ဆိုင်က ပြောဆိုသည်။ ယခုထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိပေ။  

ထိုင်ဝမ်အနေနှင့် အမေရိကနှင့် လွတ်လပ်သည့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု လက်မှတ်ထိုးနိုင်ရေး စည်းရုံးဆော်သြနေကာ ထိုင်ဝမ်က ယူ ဆောင်ပေးလာနိုင်သည့် စီးပွားရေးအကျိုးအမြတ်များကို ဝါရှင်တန်အား ပြသရန် စိတ်အားထက်သန်နေသည်။

ကမ္ဘာ့အကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Taiwan Semiconductor Manufacturing Co.,Ltd. (TSMC) က အရီဇိုးနား ပြည်နယ်တွင် ဒေါ်လာ ၁၂ ဘီလီယံတန် စက်ရုံတစ်ခု တည်ဆောက်သွားဖို့စီစဉ်နေကြောင်း မေလအတွင်းက ပြောဆိုထားခဲ့သည်။ ယင်းမှာ ထရမ့်အစိုးရအဖွဲ့က တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ နည်းပညာထောက်ပံ့မှု ကွင်းဆက်ကိုတိုက်ထုတ်ရန် ကြိုးပမ်းနေမှုများအတွက် သိသာထင်ရှားသည့် လုပ်ရပ်တစ်ခုအဖြစ်ရှုမြင်ရသည်။

TSMC တည်ထောင်သူ မောရစ်ချန်းသည်လည်း ဆိုင်၏ ညစာစားပွဲတွင် ကရိုက်နှင့်အတူ တက်ရောက်လာခဲ့သည်ကို တွေ့ရသည်။         
F-04