News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် Lockdown ပြန်လည်ချမှတ်
19-Sep-2020


မက်ဒရစ်၊ စက်တင်ဘာ ၁၉

ဥရောပနိုင်ငံများအကြား Covid-19 ကူးစက်ပျံ့နှံ့မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် စပိန်နိုင်ငံ မက်ဒရစ်မြို့၏ အချို့နေရာများတွင် Lockdown စည်းမျဉ်းများ ပြန်လည်ချမှတ်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါစည်းမျဉ်းကန့်သတ်ချက်များကြောင့် မက်ဒရစ်နေပြည်သူ ၈၅၀,ဝ၀ဝ ကျော်မှာ တနင်္လာနေ့မှစ၍ ခရီးသွားလာခြင်းနှင့် လူစုလူဝေးပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရတော့မည်ဖြစ်သည်။

ဥရောပနိုင်ငံများထဲ၌ စပိန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း အမြင့်ဆုံးဖြစ်ပြီး မက်ဒရစ်မြို့မှာ ရောဂါကူးစက်နှုန်း အဆိုးရွားဆုံးအခြေအနေနှင့် နောက်ထပ်တစ်ကြိမ် ထပ်မံရင်ဆိုင်နေရသည်။

ဆောင်းရာသီကာလချဉ်းကပ်လာစဉ်တွင် ကမ္ဘာ့မြောက်ပိုင်းနိုင်ငံများ၌ Covid-19 ပျံ့နှံ့မှု ဒုတိယလှိုင်းအဖြစ် စတင်လာခဲ့ခြင်းလည်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ထိတ်လန့်ဖွယ်အခြေအနေဟု သတိပေးထားပြီး ပြည်သူများ အိမ်များ၌သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။

“ရောဂါကူးစက်နှုန်းတွေမတိုးအောင် ရှောင်ကြဉ်ဖို့နဲ့ လျှော့ချဖို့ ကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း ထိလွယ်ရှလွယ်အခြေအနေတွေ မဖြစ်ဖို့နဲ့ ကျောင်းတွေဖွင့်တဲ့ကိစ္စကိုလည်း ရှောင်ကြည်ရပါမယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်ကျန်းမာရေးအစီအစဉ် အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ပြောကြားသည်။

ပြင်သစ်နိုင်ငံတွင်လည်း တစ်နေ့တည်း Covid-19 ကူးစက်မှုအသစ်များ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာသည့်အတွက် မာဆေးလ်နှင့် နိုက်စ်မြို့တို့ အပါအဝင် မြို့ကြီးအချို့၌ ကန့်သတ်မှုများ ပြန်လည်တင်းကျပ်ခဲ့သည်။

ဗြိတိန်နိုင်ငံ၌လည်း သောကြာနေ့က ကူးစက်မှုအသစ် ၄,၃၂၂  ဦးနှင့် ၂၇ ဦး သေဆုံးခဲ့သည်။ ယင်းပမာဏမှာ မေလ ၈ ရက်နေ့နောက်ပိုင်း အမြင့်ဆုံးပမာဏလည်းဖြစ်သည်။ ထို့ကြောင့် အင်္ဂလန်မြောက်ပိုင်းဒေသများတွင် ူသခိုသတည စည်းမျဉ်းများချမှတ်ထားသည်။

ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်၏ တွက်ချက်မှုများအရ ယခုအခါ စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု ၆၂၅,၆၅၁ ဦးရှိပြီး မက်ဒရစ်မြို့၌ ကူးစက်မှုမှာ တစ်နိုင်ငံလုံး ပျမ်းမျှကူးစက်မှုနှုန်း၏ နှစ်ဆကျော်ရှိကြောင်း စပိန်အစိုးရကပြောကြားသည်။

စပိန်နိုင်ငံသည် Covid-19 ပထမလှိုင်းကာလအတွင်းကလည်း ကူးစက်မှုနှုန်းအမြင့်ဆုံး ဥရောပနိုင်ငံများထဲတွင်ပါဝင်ခဲ့ပြီး လူသုံးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။       

F-03