News

POST TYPE

NEWS

မန္တလေးမြို့မှ ပိုးတွေ့ရဟန်း သီတင်းသုံးသည့်ကျောင်းတိုက်အတွင်းရှိ အခြားသူများ ပထမအကြိမ်စစ်ဆေးမှု ပိုးမတွေ့အဖြေထွက်
19-Sep-2020


မန္တလေး၊ စက်တင်ဘာ ၁၉

မန္တလေးမြို့မှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ရဟန်းတစ်ပါး သီတင်းသုံးသည့်ကျောင်းတိုက်ရှိ အခြားသောသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ပထမအကြိမ်စစ်ဆေးမှုရလဒ်တွင် ရောဂါပိုးမတွေ့ဟု အဖြေထွက်ရှိခဲ့ကြောင်း ယင်းကျောင်းတာဝန်ခံ ဆရာတော်ဦးဝိမလဗုဒ္ဓိ က စက်တင်ဘာလ ၁၉ ရက်က မိန့်ကြားသည်။ 

အမရပူရမြို့နယ် ဗားကရာကျောင်း တိုက်ကြီးအတွင်းရှိ မစိုးရိမ်ကျောင်း၌ သီတင်းသုံးသည့် အသက် ၂၀ အရွယ် ရဟန်းတစ်ပါးထံတွင် ပိုးတွေ့ရှိကြောင်း အတည်ပြုပြီးနောက် ကျောင်းတိုက်ကို စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းမှစ၍ ကန့်သတ်ပိတ်ပင်တားမြစ်ခြင်းနှင့် ကျောင်း တိုက်အတွင်းရှိ အခြားသူများကူးစက်ခံထားရခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် အာခေါင်နှင့် နှာခေါင်းတို့ဖတ်တို့ကို ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

မဟာဝရဇိန် မစိုးရိမ်ဓမ္မာစရိယ သင်တန်းကျောင်းမှ အခြားသံဃာတော်များနှင့် လူပုဂ္ဂိုလ်များ၏ ပထမအကြိမ်စစ်ဆေးမှုရလဒ်အရ စစ်ဆေးခဲ့သူအားလုံးထံတွင် ရောဂါပိုးမတွေ့ အဖြေထွက်ရှိခဲ့သည်ဟု ကျန်းမာရေးဦးစီးဌာန၊ သာသနာရေးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့က ဆက်သွယ်လျှောက်ထားခဲ့ကြောင်း ဆရာတော်ဦးဝိမလဗုဒ္ဓိက ဆက်လက်မိန့်ဆိုသည်။ 

"All Negative ပါဆိုပြီးလျှောက်ထားကြတယ်။ ကိုယ်တော်လေးက အနံ့မရလို့ ဆေးရုံကိုပို့လိုက်တာပါ၊ ဒုတိယလှိုင်း စဖြစ်ကတည်းက ကျောင်းမှာ အပြင်ထွက်ခွင့်ပိတ်ထားခဲ့တာ၊ ကျန်းမာရေးကိစ္စမဖြစ်မနေဖြစ်တဲ့အခါမှ ပန်ကြားလျှောက်ထားပြီး အပြင်ထွက်ပါလို့ မိန့်ထားတယ်၊ အခုဖြစ်တဲ့ ကိုယ်တော်လေးက အသည်းအဆီဖုံးရောဂါရှိတဲ့အတွက် အပြင်ထွက်ရတာဆိုတော့ ဘယ်ကကပ်ပါလာလည်းတော့ မပြောတတ်ဘူး" ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။ 

ပထမအကြိမ် စစ်ဆေးမှုအဖြေထွက်ပြီးနောက် နောက်ငါးရက်ခန့်တွင် ဒုတိယအကြိမ် တို့ဖတ်နမူနာများရယူ၍ ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းတိုက်တွင် သံဃာတော် ၆၂ ပါးနှင့် ကပ္ပိယရှစ်ဦးရှိကြောင်း ကျောင်းနေသံဃာတော်များ အဆိုအရသိရသည်။ 

အဆိုပါသင်တန်းကျောင်းတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဇနီးဖြစ်သူ ဒေါ်ယုယုမေ (အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ) ဦးဆောင်၍ ကန့်သတ်ပိတ်ပင်ထားသည့်ကာလအတွင်း အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ဆန်၊ ဆီ၊ ဆားနှင့် အထွေထွေ အသုံးအဆောင်တို့ကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီကလှူဒါန်းဆက်ကပ်ထားသည်။  

ဘုန်းမြတ်